PSG အသင်းနဲ့ တရားစွဲဆိုမှုမှာ ဘာပေ အနိုင်ရရှိခဲ့ပြီး ဘာပေကို PSG အသင်း ယူရိုသန်း(၆၀)ပေးရမယ်လို့ ပြင်သစ်တရားရုံး အမိန့်ချ

PSG အသင်းနဲ့ တရားစွဲဆိုမှုမှာ ဘာပေ အနိုင်ရရှိခဲ့ပြီး ဘာပေကို PSG အသင်း ယူရိုသန်း(၆၀)ပေးရမယ်လို့ ပြင်သစ်တရားရုံး အမိန့်ချ
Photo: X
Photo: X
Published 17 December 2025

PSG အသင်းနဲ့ တရားစွဲဆိုမှုမှာ ပြင်သစ်တိုက်စစ်မှူး ဘာပေ အနိုင်ရရှိခဲ့ပြီး PSG အသင်းအနေနဲ့ ဘာပေကို ပေးချေဖို့ ကျန်ရှိတဲ့ လစာငွေနဲ့ ဆုကြေးအတွက် ယူရိုသန်း(၆၀)ပေးအပ်ရမယ်လို့ ပြင်သစ်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

ဘာပေဟာ ၂၀၂၄ နွေရာသီမှာ PSG အသင်းနဲ့ လမ်းခွဲပြီး ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းဆီက လက်မှတ်ထိုးကြေး ယူရိုသန်း(၁၅၀)ရရှိခဲ့တဲ့အပြင် မြင့်မားတဲ့ လစာနှုန်းထားရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဘာပေက PSG အသင်းဆီက သူ့ရဲ့ နောက်ဆုံးလစာ(၃)လစာနဲ့ ဆုကြေးငွေတွေ အပါအဝင် လျော်ကြေးအဖြစ် ယူရို(၂၆၃)သန်းရရှိလိုကြောင်း နိုဝင်ဘာလအတွင်း တရားစွဲဆိုခဲ့ပါတယ်။

PSG အသင်းကလည်း သူတို့ရဲ့ နစ်နာဆုံးရှုံးမှုအတွက် ဘာပေထံက ယူရိုသန်း(၄၄၀)ရရှိလိုကြောင်း ပြန်လည်တရားစွဲဆိုခဲ့ပါတယ်။

ပြင်သစ်ထိပ်သီး PSG အသင်းဟာ ဘာပေကို ဆယ်ကျော်သက်ကစားတွေထဲမှာ ပြောင်းရွှေ့ကြေးအမြင့်ဆုံးဖြစ်စေခဲ့ ယူရိုသန်း(၁၈၀)နဲ့ မိုနာကိုအသင်းဆီက ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းက သက်တမ်းတိုးချိန်မှာလည်း မြင့်မားတဲ့ လက်မှတ်ထိုးကြေး ပေးအပ်ခဲ့ရပါတယ်။

ဒါပေမဲ့ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ပြုခဲ့ရတာကြောင့်  ဘာပေကို ပြန်လည်တရားစွဲဆိုခဲ့တာပါ။

PSG အသင်းရဲ့ တောင်းဆိုမှုကို ပြင်သစ်တရားရုံးက လက်မခံခဲ့သလို၊ ဘာပေရဲ့ တခြားသောတောင်းဆိုမှုတွေကိုလည်း ပယ်ချခဲ့ပြီး ပေးချေဖို့ကျန်ရှိတဲ့ လစာငွေနဲ့ ဆုကြေးငွေကိုသာ PSG အသင်းက ပေးချေဖို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။

Most Read

Most Recent