ပါတီဆိုင််းဘုတ် ဖျက်ဆီးသူများနှင့် ကျောင်းဆရာမများအား ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုသူများကို ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီတွင် ကချင်ပြည်နယ် ရွှေကူမြို့ တုံးပုံကျေးရွာနေ အခြေခံပညာမူလတန်းကျောင်း (တုံးပုံ) မှ လက်ထောက်မူလတန်းပြဆရာမ ဒေါ်ဇင်ဇင်မြင့် (၃၇) နှစ်သည် တုံးပုံကျေးရွာနှင့် နုတ်ချိုကျေးရွာကြားရှိ ယာခင်းတဲ၌ ရှိနေစဉ် PDF နှစ်ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး ၎င်းနှင့်အတူ အခြေခံပညာမူလတန်းကျောင်း (တုံးပုံ) မှ ဆရာ/ဆရာမများ အားလုံးရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် အဆိုပါ PDF နှစ်ဦး (စိစစ်ဆဲ) အား ဒီဇင်ဘာ ၈ ရက်တွင် ရွှေကူမြို့မ ရဲစခန်း (ပ) ၁၂/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ယင်းအပြင် ဒီဇင်ဘာ ၆ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၃) ရပ်ကွက် လွယ်မွေလမ်းနှင့် မီးစက်လမ်းထောင့်၌ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသူ (စိစစ်ဆဲ) အား ဒီဇင်ဘာ ၈ ရက်တွင် ကျိုင်းတုံမြို့မရဲစခန်း (ပ)၂၀၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၉ ရက်တွင် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာနေ ပင်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးချစ်ထွေးသည် နေအိမ်၌ ရှိနေစဉ် ၎င်း၏ လက်ကိုင်ဖုန်းသို့ KIO လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ အရာရှိအဆင့်ရှိ ဇော်မိုင်ဆိုသူမှ ဖုန်းအမှတ် 09-678735668 ဖြင့်ခေါ်ဆို၍ ပင်လုံကျေးရွာအုပ်စုမြိုင်သာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ မဲရုံဖွင့်လှစ်ထားခြင်းအား မပြုလုပ်ရန်နှင့် ဆက်လက်ပြုလုပ်ပါက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေထိုင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် KIO လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှ ဇော်မိုင်အား ဒီဇင်ဘာ ၁၂ ရက်တွင် မိုးညှင်းမြို့မရဲစခန်း(ပ) ၁၇၂/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာ ၁၀ ရက် ညနေ ၅ နာရီတွင် ရွှေကူမြို့နယ် ရွှေဂဲကုန်းကျေးရွာနေ အခြေခံပညာအထက်တန်းကျောင်း (ရေလဲ) မှ အထက်တန်းပြဆရာမ ဒေါ်စန်းစန်းအေး (၄၇) နှစ်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် PDF နှစ်ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး ၎င်းအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် အဆိုပါ PDF နှစ်ဦး (စိစစ်ဆဲ) အား ဒီဇင်ဘာ ၁၁ ရက်တွင် ရွှေကူမြို့မရဲစခန်း (ပ) ၁၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၃) ရပ်ကွက် ဗိုလ်မင်းရောင်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းဆုံကြံခင်းဈေးထောင့်၌ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ) အား ဒီဇင်ဘာ ၁၁ ရက်တွင် မြဝတီမြို့မရဲစခန်း (ပ)၂၈၀/ ၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း အမှုဖွင့်ထားကြောင်း သိရသည်။
ဒီဇင်ဘာ ၁၂ ရက်တွင်လည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအရှေ့၌ ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား အမျိုးသားနှစ်ဦး (စိစစ်ဆဲ) မှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဓားဖြင့် လှီးဖြတ်ဖျက်ဆီးခဲ့သဖြင့် အမျိုးသားနှစ်ဦး (စိစစ်ဆဲ) အား ဒီဇင်ဘာ ၁၂ ရက်တွင် ကျိုက်ထိုမြို့မရဲစခန်း (ပ) ၂၉၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (ခ) ဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၃ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအရှေ့၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား အမျိုးသားနှစ်ဦး (စိစစ်ဆဲ) က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး တွန်းလှဲဖျက်ဆီးခဲ့သဖြင့် အမျိုးသားနှစ်ဦး (စိစစ်ဆဲ)အား ဒီဇင်ဘာ ၁၄ ရက်တွင် ကျိုက်ထိုမြို့မရဲစခန်း (ပ) ၂၉၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (ခ) ဖြင့်လည်းကောင်း အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။















