ခရစ္စတယ်ပဲလေ့စ်နဲ့ လိဒ်စ်အသင်းတို့ဟာ ချယ်လ်ဆီးအသင်းမှာ နေရာပျောက်နေတဲ့ အင်္ဂလန်တောင်ပံကစားသမား စတာလင်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
စတာလင်(၃၁ နှစ်)ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေမှာသာ ဖြတ်သန်းခဲ့သူဖြစ်ပြီး လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်(အငှား)တွေမှာ ကစားခဲ့တာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းကို အငှားချခံခဲ့ရပြီးကတည်းက ချယ်လ်ဆီးအသင်းမှာ နေရာပျောက်ခဲ့ရပြီး လက်ရှိအချိန်မှာ အသင်းရဲ့လူစာရင်းထဲတောင် ပါဝင်ခြင်းမရှိတော့ပါဘူး။
စတာလင်ဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး တစ်နှစ်လစာ ပေါင်(၁၅)သန်းဝန်းကျင်ရရှိနေတဲ့အပြင် မိသားစုကလည်း လန်ဒန်မှာ အခြေကျနေတာကြောင့် အသင်းပြောင်းရွှေ့လိုခြင်းမရှိကြောင်း သိရပါတယ်။
ဒါပေမဲ့ ကစားသမားဘဝ အဆုံးသတ်သွားနိုင်တဲ့ အခြေအနေဖြစ်နေတာကြောင့် လာမယ့်ဇန်နဝါရီမှာ အသင်းသစ်ရှာဖွေဖို့ စဉ်းစားလာဖွယ်ရှိပြီး ပဲလေ့စ်နဲ့ လိဒ်စ်အသင်းတို့က ကမ်းလှမ်းဖို့ စီစဉ်နေကြကြောင်း သတင်းထွက်လာတာ ဖြစ်ပါတယ်။















