■ ရွေးကောက်ပွဲနည်းလမ်း သွားနေသောသူများကို ခြိမ်းခြောက်ဟန့်တား နှောင့်ယှက်ခြင်းသည် ရွေးကောက်ပွဲဖြစ်စဉ်ကိုပါ ဟန့်တားနှောင့်ယှက်သည့်သဘော သက်ရောက်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိိုကိုကြီး ပြောကြား

■ ရွေးကောက်ပွဲနည်းလမ်း သွားနေသောသူများကို ခြိမ်းခြောက်ဟန့်တား နှောင့်ယှက်ခြင်းသည် ရွေးကောက်ပွဲဖြစ်စဉ်ကိုပါ ဟန့်တားနှောင့်ယှက်သည့်သဘော သက်ရောက်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိိုကိုကြီး ပြောကြား
Published 29 November 2025

ရွေးကောက်ပွဲနည်းလမ်း သွားနေသောသူများကို ခြိမ်းခြောက်ဟန့်တား နှောင့်ယှက်ခြင်းသည် ရွေးကောက်ပွဲဖြစ်စဉ်ကိုပါ ဟန့်တားနှောင့်ယှက်သည့်သဘော သက်ရောက်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိိုကိုကြီး ပြောကြားသည်။

နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်တွင် ပြည်သူ့ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆိုသူက ဆောင်းဘောက်သံ ဆူညံသဖြင့် လာရောက်ဟန့်တားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ (နိုဝင်ဘာ ၂၉ ရက်) မွန်းလွှဲပိုင်းတွင် ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလတာဝါရှိ ပြည်သူ့ပါတီဗဟိုဌာနချုပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ရွေးကောက်ပွဲနည်းလမ်း သွားနေတဲ့သူတွေကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်းဟာ ရွေးကောက်ပွဲဖြစ်စဉ်ကိုပါ ဟန့်တားနှောင့်ယှက်တဲ့သဘော သက်ရောက်တယ်လို့ ဒါလေး ကျွန်တော် ပြောချင်ပါတယ်”ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ပြည်သူ့ပါတီက လမ်းမတော်မြို့နယ် အနော်ရထာလမ်းနှင့် လမ်းသစ်လမ်းထောင့်တွင် လူအင်အား ၁၀၀ ခန့်ဖြင့် ပါတီအောင်နိုင်ရေးဆိုင်ဘုတ်တင်ခြင်း အခမ်းအနား ပြုလုပ်ခဲ့စဉ် လမ်းမတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆိုသူက ဆောင်းဘောက်သံ ကျယ်လောင်သဖြင့် လာရောက်ဟန့်တားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအတွက် ရန်ကုန်တိုင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ စာတင်၍ ခွင့်ပြုချက် တောင်းခံထားသဖြင့် ခွင့်ပြုချက်ရရှိထားသော အခမ်းအနားဖြစ်သော်လည်း ယခုကဲ့သို့ လာရောက်ဟန့်တားခံရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း ကျန်တဲ့မြို့နယ်တွေမှာရော၊ နောက် တစ်ခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာပါ တစ်ခါမှလည်း ဒါမျိုး မကြုံခဲ့ရဘူးတော့ အေးအေးဆေးဆေးပဲ၊ နောက် ဆိုင်းဘုတ်တင် အခမ်းအနားဆိုတာလည်း နာရီဝက်၊ တစ်နာရီပေါ့၊ လွန်ရော ကျွံရော။ ပရိတ်သတ်ကလည်း ထိန်းမနိုင် သိမ်းမရ အရေအတွက် မဟုတ်ဘူး။ ၁၀၀ ပတ်ဝန်းကျင်ပေါ့။ အဲ့ဒီတော့ အဲဒီလိုဖြစ်တဲ့အချိန်မှာ ပရိတ်သတ်ထဲမှာ သူစိမ်းတစ်ယောက် သူက တောက်လျှောက် ဖုန်းနဲ့ ဓာတ်ပုံရိုက်တာ၊ ဗွီဒီယိုရိုက်တာ လုပ်နေတဲ့အခါကျတော့ ကျွန်တော် ပြောနေရင်းနဲ့ စိတ်ထဲမှာ နည်းနည်းသံသယဖြစ်တယ်။ ဒီပုဂ္ဂိုလ်က ဘာလဲပေါ့။ တစ်ခြား ဘယ်အဖွဲ့အစည်းကလည်း အဲဒီလို သံသယဖြစ်တယ်။ ဖြစ်တဲ့အချိန်မှာ ကျွန်တော် ပြောနေတုန်းမှာပဲ ဝင်လာပြီးတော့ ဝင်တားတယ်။ အဲဒီတော့ ဆိုလိုတာက ဒီအခမ်းအနားကို ဟန့်တားနှောင့်ယှက်တဲ့သဘော ဖြစ်လာတော့ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းဘောက် မသုံးပါနဲ့တဲ့။ ကျွန်တော်တို့က ပြောရရင်တော့ ဒီခေတ်မှာဗျာ အချဉ်ပေါင်းသည်တောင် ဆောင်းဘောက်နဲ့ လှည့်ပတ်ပြီး ရောင်းနေတာ။ ကားတစ်စီးလုံး ဆောင်းဘောက်တင်ပြီးတော့ လှည့်ဖွင့်နေတာလည်း တောက်လျှောက်ဖြစ်နေတာ။ အခုက ကျွန်တော်တို့က ဒီလူ ၁၀၀ လောက်ကို ပြောတဲ့ ဆောင်းဘောက်ဆိုတာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်လောက်တဲ့ အသံမျိုးလည်း မဟုတ်ဘူး။ အခြေအနေမျိုးလည်း မဟုတ်ဘူး”ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ဆောင်ပြီဆိုကတည်းက သီချင်းဖွင့်ခြင်းရှိမည်ဖြစ်ပြီး ယင်းသီချင်းမှာလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင် (UEC) ထံ တရားဝင် တင်ပြထားပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲအတွက် ဟောပြောခြင်းများတွင် ဒို့တာဝန်အရေးသုံးပါး ထိခိုက်ခြင်း၊ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချခြင်း၊ အကြမ်းဖက်လက်နက်ကိုင်များနှင့် ဆက်စပ်ခြင်း၊ လူမျိုးရေးအဓိကရုဏ်းဖြစ်စေရန် လှုံ့ဆော်ခြင်း စသည့်အချက်များ တစ်ခုမျှ မပါရှိကြောင်း ဦးကိုကိုကြီးက ဆိုသည်။

“ဘာပြဿနာမှ မရှိဘူး။ မရှိတာကနေ အဲဒီပုဂ္ဂိုလ်က အတင်းဝင်လာပြီးတော့ ပွဲကို ဟန့်တားနှောင့်ယှက်တာ ဖြစ်လာတယ်။ ဖြစ်လာပြီးတော့့ သူ့ကိုယ်သူ ကျွန်တော်က ကော်မရှင်ဥက္ကဋ္ဌပါဗျာ့ဆိုတော့ ကျွန်တော်တို့ အခမ်းအနားတွေမှာ ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် ဖုန်းတစ်လုံးနဲ့လာပြီး ဓာတ်ပုံရိုက်တာ၊ ဗွီဒီယိုရိုက်တာလည်း တစ်ခါမှ မကြုံဖူးဘူး”ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

တစ်ဖက်တွင်လည်း ပြည်ခိုင်ဖြိုးပါတီဝင်တချို့ အဆိုပါ အခမ်းအနားအား လာရောက်ကြည့်ရှုသည့် အခြေအနေများကို ပြည်သူ့ပါတီက ဗွီဒီယိုမှတ်တမ်းများဖြင့် ရှင်းလင်းချပြခဲ့သည်။

ထို့ပြင် ရွှေဘိုမြို့၌ ပြည်သူ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို ယခင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းကာလ၌ လက်သုံးချောင်း ထောင်ခဲ့သည်ဟူသော ဓာတ်ပုံမှတ်တမ်းဖြင့် တိုင်ကြားမှုကြောင့် ဖမ်းဆီးအရေးယူခြင်းခံထားရကြောင်းလည်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

နိုင်ငံတော်က ၅၀၅-က အမှုနှင့် ပတ်သက်၍ လွတ်ငြိမ်းချမ်းသာခွင့်များ၊ လွတ်ငြိမ်းသက်သာခွင့်များနှင့် အမှုပိတ်သိမ်းခြင်းများ ဆောင်ရွက်နေချိန်၌ အောက်ခြေ၌ ပြည်သူ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး ဖမ်းဆီးခံနေရကြောင်း ၎င်းက ဆိုသည်။

ပြည်သူ့ပါတီအနေဖြင့် အသွင်ကူးပြောင်းရေးကို ငြိမ်းချမ်းစွာ ဆောင်ရွက်နေချိန်တွင် မလိုလားအပ်သည့် ယခုကဲ့သို့သော ပဋိပက္ခမျိုး မည်သည့်နေရာတွင်မျှ မလိုချင်ကြောင်း၊ အခြားနေရာများတွင်လည်း အလားတူဖြစ်စဉ်မျိုး မဖြစ်စေချင်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

 

 

Most Read

Most Recent