■ ပြည်သူ့ပါတီသည် ရွေးကောက်ပွဲနီးမှ ပါတီကို မဲထည့်ရန် ပေါ်ပင်လာလုပ်နေခြင်းမဟုတ်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ပြောကြား
ပြည်သူ့ပါတီသည် ရွေးကောက်ပွဲနီးမှ ကျွန်တော်တို့ ပါတီကို မဲထည့်ပါဆိုပြီး ပေါ်ပင်လုပ်တာမဟုတ်ဘူးဟု မြိတ်မြို့တွင် ပြုလုပ်သည့် အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့ပါတီ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဈေးခေါင်း (၁) လမ်း၊ ဈေးခေါင်းရပ်ကွက်ရှိ ပါတီရုံးတွင် နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲကို ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ တနသ်ာရီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်အောင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များနှင့် ပြည်သူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ပါတီမှာ ခုနစ်နှစ်ကျော် သက်တမ်းသာရှိသော်လည်း ၈၈ နိုင်ငံရေးကျောင်းသားဟောင်းများနှင့် နှစ်ပေါင်း ၄၀ နီးပါး ဖြတ်သန်းလာပြီးဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။
"နိုင်ငံရဲ့တည်ငြိမ်ရေး၊ လုံခြုံရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားတန်းတူအခွင့်အရေးမျှတရေး၊ ဒီမိုကရေစီအရေး အစရှိသည်တို့ကို နှစ်ပေါင်းများစွာဆိုတဲ့နေရာမှာ ဆယ်စုနှစ်များစွာဖြတ်သန်းလာခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ပါတီသက်တမ်းအားဖြင့် ခုနစ်နှစ်ကျော်လာပေမယ့် စတင်တည်ထောင်တဲ့ ၈၈ နိုင်ငံရေးကျောင်းသားဟောင်းများနဲ့ နှစ်ပေါင်း ၄၀ နီးပါးဖြတ်သန်းခဲ့ပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲနီးမှ ကျွန်တော်တို့ကို မဲထည့်ပါဆိုပြီး ပေါ်ပင်လာလုပ်တာမျိုး မဟုတ်ဘူးဆိုတာ လေးလေးနက်နက်ပြောကြားချင်ပါတယ်။ နိုင်ငံရေးရည်မှန်းချက်နဲ့ ယုံကြည်ချက်ကို ခင်ဗျားတို့ ပြန်မှန်းဆကြည့်ပါ၊ နှစ် ၄၀ နီးပါး ဒူပေဒဏ်ပေခံပြီး ဖြတ်သန်းခဲ့တဲ့ရည်မှန်းချက်၊ ယုံကြည်ချက်က မေးခွန်းထုတ်ဖို့မလိုလောက်အောင် ခိုင်မာပြီးဖြစ်တယ်"ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့်အတူ ပြည်သူ့ပါတီ၏ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီနှင့် ဘုတ်ပြင်း မြို့နယ်ကိုယ်စားလှယ်လောင်းများကို ပြည်သူများထံ မိတ်ဆက်အပ်နှံခြင်းကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်သူ့ပါတီတိုင်းဥက္ကဋ္ဌနှင့် တနင်္သာရီတိုင်းဒေသကြီး PR ( အချိုးကျကိုယ်စားလှယ်လောင်း) ဦးအောင်အောင်က ပြည်သူ့ပါတီ၏ ရွေးကောက်ပွဲကတိများ ပြောကြားခဲ့ကြောင်းလည်း သိရသည်။















