◘ လီဗာပူးလ် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ)
ရီးယဲလ်အသင်းနောက်ခံလူ အာနိုးလ်အတွက် အန်ဖီးလ်ကွင်းကို ပြိုင်ဘက်အဖြစ် ပထမ ဆုံးအကြိမ် ပြန်လာရတဲ့ပွဲပါ။ ဒါပေမဲ့ အာနိုးလ်က တံကောက်ကြောဒဏ်ရာကြောင့်အပြင် ပြန်ကောင်းလာချိန်မှာလည်း ကစားခွင့်မရသေးတာ သြဂုတ်လကတည်းကပါ။ ရီးယဲလ်အသင်းက အလွန်ဆိုလက်ထက်မှာ တော်တော်တည်ငြိမ်နေပြီး အမ်ဘာပေကလည်း ဂိုးတွေဆက်တိုက် သွင်းပေးနေတယ်။ လီဗာပူးလ်အသင်းကတော့ နောက်ဆုံးပွဲမှာ ဗီလာကို အနိုင်ယူပြီး နိုင်ပွဲပြန်ရထားတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ အမှတ်ခွဲယူရဖို့ရှိတယ်။
◘ PSG - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ)
လက်ရှိချန်ပီယံ PSG အသင်းက သုံးပွဲစလုံး ရာနှုန်းပြည့်အနိုင်ရထားသလို ဇယားထိပ်ဆုံးကနေ ဦးဆောင်ခွင့်ရထားတယ်။ ဒါပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် လီဂူး-၁ ပြိုင်ပွဲ နောက်ဆုံးငါးပွဲမှာ နှစ်ပွဲပဲ အနိုင်ရပြီး သုံးပွဲသရေကျထားတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဒီရာသီ ပြိုင်ပွဲအားလုံးမှာ ၁၅ ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရပြီး စံချိန်တင်ထားတာပါ။ တိုက်စစ်ပိုင်းကလည်း ၁၅ ပွဲမှာ ၅၄ ဂိုးအထိ သွင်းယူထားတယ်။ တိုက်စစ်ချင်းအားပြိုင်မယ့်ပွဲဖြစ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ နိုင်ပွဲဆက်မှုကို PSG အသင်း ရပ်တန့်နိုင်မလား စောင့်ကြည့်ရမှာပါ။
◘ ဆလားဗီးယားပရပ်ဂ် - အာဆင်နယ် (မြန်မာစံတော်ချိန် နံနက် ဝဝး၁၅ နာရီ)
အာဆင်နယ်အသင်းက ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီပြီး အကောင်းဆုံးပုံစံရနေတယ်။ ချန်ပီယံလိဂ်သုံးပွဲစလုံးအပါအဝင် ပြိုင်ပွဲစုံ ကိုးပွဲဆက်တိုက် အနိုင်ရထားတယ်။ ခံစစ်ပိုင်းကလည်း ခုနစ်ပွဲဆက်တိုက် Clean Sheet ရတဲ့အထိ တည်ငြိမ်မှုရှိတယ်။ ဆလာဗီးယားပရပ်ဂ် အသင်းကတော့ ချက်ပြည်တွင်းလိဂ်မှာ ထိပ်ဆုံးက ဦးဆောင်နေပေမဲ့ ချန်ပီယံလိဂ်မှာ နိုင်ပွဲမရသေးဘူး။ အာဆင်နယ်အသင်းပဲ နိုင်ပွဲဆက်မှာဖြစ်ပြီး နှစ်ဂိုးလောက်ပြတ်နိုင်တယ်။
◘ ဂျူဗင်တပ်စ် - စပို့တင်းလစ္စဘွန်း (မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ)
နည်းပြသစ် စပယ်လက်တီလက်ထက် ပထမဆုံးပွဲမှာ ဂျူဗင်တပ်စ်အသင်း နိုင်ပွဲရထားတယ်။ ခရီမိုနီဆီအသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာဖြစ်ပြီး ဂိုးကန်သွင်းမှု ၁၅ ကြိမ်လောက် လုပ်နိုင်ခဲ့တာက ကျေနပ်စရာပါ။ စပို့တင်းလစ္စဘွန်းက သုံးပွဲကစား၊
ခြောက်မှတ်နဲ့ အခြေအနေကောင်းနေတဲ့အသင်းပါ။ ဂျူဗင်တပ်စ်အတွက် သိပ်မလွယ်ကူဘဲ သရေကျသွားနိုင်တယ်။]
◘ စပါး - FCကိုပင်ဟေဂင် (မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ)
စပါးအသင်းက လိဂ်ဖလားနဲ့ ပရီးမီးယားလိဂ် ပွဲကျပ်နှစ်ပွဲစလုံး ရှုံးပွဲကြုံထားတယ်။ နည်းပြ ဖရန့်ခ်နဲ့ ကစားသမားတွေကြားမှာလည်း ပြဿနာရှိနေပုံရပြီး ချယ်လ်ဆီးနဲ့ပွဲမှာ ဇာဗီဆီမွန်က လူစားဝင်လာပြီးမှ ပြန်လဲခံခဲ့ရတယ်။ ဒါပေမဲ့ ဒိန်းမတ်ကလပ်
ကိုပင်ဟေဂင်အသင်းကို အိမ်ကွင်းမှာ အနိုင်ရအောင် ကစားနိုင်စွမ်းရှိပါတယ်။ (၂-၁) လောက် ဖြစ်လိမ့်မယ်။
◘ အခြားပွဲစဉ်များ
*နာပိုလီ - ဖရန့်ဖတ်
*အက်သလက်တီကို - ဆန်လွိုက်ဆီ
ဘိုဒယ်ဂလင့် - မိုနာကို*
*အိုလံပီယာကော့စ် - PSV















