■ ပဲခူးမြို့တွင် ရထားပေါ်မှ ကြဲချသည့် ငွေကြေးနှင့် မုန့်များကို လိုက်ကောက်ရင်း ကျောက်တုံးနှင့် ထိခိုက်မိကာ လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

■ ပဲခူးမြို့တွင် ရထားပေါ်မှ ကြဲချသည့် ငွေကြေးနှင့် မုန့်များကို လိုက်ကောက်ရင်း ကျောက်တုံးနှင့် ထိခိုက်မိကာ လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး
Published 15 October 2025

ပဲခူးမြို့တွင် ရထားပေါ်မှ ကြဲချသည့် ငွေကြေးနှင့် မုန့်များကို လိုက်ကောက်ရင်း ကျောက်တုံးနှင့် ထိခိုက်မိကာ လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု အနာဂတ်ကြယ်ပွင့် သွေးအခမဲ့နှင့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲခူးမြို့ အုပ်ဖိုကျုံးရိုး ရထားလမ်းဘေးတွင် နေထိုင်သည့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ရထားအလာတွင် လေဟပ်၍ နောက်လန်ကျပြီး ကျောက်တုံးနှင့် ထိခိုက်မိကာ ဦးခေါင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

"ရထားပေါ်က ကြဲချတဲ့ ပိုက်ဆံတို့ မုန့်တို့ကို လိုက်ကောက်ရင်းဖြစ်တာ။ ကလေးဆိုတော့ ရထားအရှိန် လေဟပ်ပြီး လဲကျသွားတာ။ ဒဏ်ရာက တော်တော်များတော့ ပဲခူးဆေးရုံကနေတစ်ဆင့် မြောက်ဥက္ကလာပဆေးရုံကို ကျွန်တော်တို့ပဲ ပို့ပေးလိုက်ရတယ်။ ၁၃ ရက်နေ့ မနက် ၃ နာရီလောက်မှာ ဆုံးသွားတယ်" ဟု အနာဂတ်ကြယ်ပွင့် သွေးအခမဲ့နှင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပဲခူးမြို့တွင် ရထားလမ်းဘေးနေထိုင်သူများမှာ ရထားပေါ်မှ ကြဲချသည့် ငွေကြေးနှင့် မုန့်များကို လိုက်ကောက်ခြင်းများရှိပြီး အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သဖြင့် တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ယင်းသို့မပြုလုပ်ရန် နှိုးဆော်လျက်ရှိကြောင်း သိရသည်။

"ရထားလာပြီဆိုရင် ရထားပေါ်က လူတွေကလည်း ကြဲချတယ်။ လမ်းဘေးမှာ နေတဲ့သူတွေကလည်း လိုက်ကောက်ကြတော့ အသက်အန္တရာယ်နဲ့နီးလို့ သတိပေးတာတွေလုပ်ကြတယ်။ ဒါပေမဲ့ မရဘူး။ အပေါ်က ကြဲတဲ့သူတွေကလည်း ကြဲတာပဲ" ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။

သေဆုံးခဲ့သည့် ကလေးငယ်မှာ ရထားလမ်းနံဘေးတွင် နေထိုင်သည့် မိသားစုဝင်တစ်ဦးဖြစ်ပြီး ငွေကြေးချို့တဲ့သဖြင့် အနာဂတ်ကြယ်ပွင့် သွေးအခမဲ့နှင့် လူမှုကူညီရေးအသင်းက ဆေးရုံလွှဲပြောင်းပေးခြင်းနှင့် ဆေးကုသမှုအတွက် ငွေကျပ်ခြောက်သောင်း ကူညီပေးခဲ့ရကြောင်း သိရသည်။

 

Most Read

Most Recent