အရှေ့အာဖရိက ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် မာဒါဂါစကာနိုင်ငံတွင် Gen Z လူငယ်ဆန္ဒပြမှုများ ဖြစ်ပွားလာပြီးနောက် သမ္မတအန်ဒရီရာဂျိုလီနာ တိုင်းပြည်မှထွက်ပြေးသွားပြီဟု အတိုက်အခံခေါင်းဆောင်နှင့် စစ်ရေးသတင်းရင်းမြစ်တို့က အောက်တိုဘာ ၁၃ ရက်တွင် ပြောဆိုလိုက်သည်။
နီပေါဖြစ်ရပ်အပြီး တစ်လကျော်ကာလအတွင်း Gen Z လူငယ်များက အစိုးရတစ်ရပ်ကိုဖြုတ်ချလိုက်သည့် ဒုတိယဖြစ်ရပ်ဖြစ်သည်။
အောက်တိုဘာ ၁၂ ရက်တွင် တိုင်းပြည်မှ သမ္မတထွက်ပြေးသွားပြီဖြစ်ပြီး သမ္မတရုံးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာ အတည်ပြုခဲ့ကြောင်း၊ လက်ရှိရာဂျိုလီနာရှိသည့်နေရာကို မသိရကြောင်း အတိုက်အခံခေါင်းဆောင်က ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့သည်။
သို့သော် အောက်တိုဘာ ၁၃ ရက်နှောင်းပိုင်းတွင် သမ္မတရာဂျိုလီနာက Facebook မှတစ်ဆင့် တိုင်းပြည်ကိုမိန့်ခွန်းပြောခဲ့ပြီး အသက်အန္တရာယ်ကြောင့် ဘေးကင်းသည့်နေရာကို ၎င်းပြောင်းရွှေ့လိုက်ရကြောင်းနှင့် တိုင်းပြည်ကို အဖျက်ဆီးခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းရှိသည့်နေရာကိုတော့ မပြောပေ။
စစ်ရေးသတင်းရင်းမြစ်တစ်ဦး ရိုက်တာသတင်းဌာနကို ပြောချက်အရ ရာဂျိုလီနာသည် ပြင်သစ်စစ်လေယာဉ်တစ်စင်းဖြင့် ထွက်ပြေးသွားခြင်းဖြစ်သည်။ပြင်သစ်ရေဒီယိုချန်နယ် RFI ၏ထုတ်လွှင့်ချက်တွင် ရာဂျိုလီနာက ပြင်သစ်သမ္မတမက်ခရွန်နှင့် သဘောတူညီမှုတစ်ခုယူထားသည်ဟု ဆိုသည်။
တိုင်းပြည်မှထွက်မပြေးမီ သမ္မတက ပြင်သစ်နိုင်ငံသားနှစ်ဦးအပါအဝင် ပြစ်ဒဏ်ကျနေသူအချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
မာဒါဂါစကာရှိ စိန့်မာရီလေဆိပ်တွင် အောက်တိုဘာ ၁၂ ရက်က ပြင်သစ်စစ်လေယာဉ်ဆင်းသက်လာပြီး ငါးမိနစ်အကြာတွင် ရဟတ်ယာဉ်တစ်စင်းရောက်လာကာ ပြင်သစ်စစ်လေယာဉ်သို့ လူတစ်ဦး လွှဲပြောင်းပေးခဲ့ကာ ၎င်းက သမ္မတရာဂျိုလီနာဟု စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။
တစ်ချိန်က ပြင်သစ်ကိုလိုနီနိုင်ငံဖြစ်ခဲ့သည့် မာဒါဂါစကာတွင် ရေမီးပြတ်လပ်မှုများကြောင့် စက်တင်ဘာ ၂၅ ရက်မှစတင်ကာ ဆန္ဒပြအုံကြွမှုများပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် အဂတိလိုက်စားမှု ညံ့ဖျင်းသည့်အုပ်ချုပ်မှုတို့ကိုပါ ဆန္ဒပြလာကြသည်။
လူငယ်ဦးဆောင်သည့် မာဒါဂါစကာ ဆန္ဒပြမှုများဖြစ်မလာမီ ပြီးခဲ့သည့်လကလည်း နီပေါတွင် အလားတူအုံကြွမှုများကြောင့် ဝန်ကြီးချုပ်နုတ်ထွက်လိုက်ရသည်။ မော်ရိုကိုနိုင်ငံတွင်လည်း Gen Z ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။
သမ္မတရာဂျိုလီနာသည်၂၀၀၉ အာဏာသိမ်းမှုတွင် ၎င်းကိုအာဏာရအောင်ကူညီခဲ့သည့် စစ်တပ်အထူးတပ်ဖွဲ့ CAPSAT ၏ ထောက်ခံမှုကိုပါ ဆုံးရှုံးခဲ့သည်။၎င်းတပ်ဖွဲ့က ဆန္ဒပြသူများနှင့်ပူးပေါင်းလိုက်ပြီး စစ်တပ်ကိုတာဝန်ယူကွပ်ကဲလိုက်ပြီဖြစ်ကာ စစ်ဦးစီးချုပ်သစ်တစ်ဦး ခန့်အပ်လိုက်ကြောင်း ကြေညာထားသည်။
လူထုအုံကြွမှု၏ပစ်မှတ်ဖြစ်သည့် အထက်လွှတ်တော်က ဥက္ကဌကိုရာထူးမှဖယ်ရှားလိုက်ပြီး အသစ်တစ်ဦး ယာယီခန့်အပ်ထားကြောင်း ကြေညာခဲ့သည်။ရွေးကောက်ပွဲပြုလုပ်ချိန်အထိ အထက်လွှတ်တော်ဥက္ကဌက သမ္မတနေရာကို တာဝန်ယူမည်။
ကုလသမဂ္ဂအဆိုအရ မာဒါဂါစကာတွင် စက်တင်ဘာ ၂၅ ရက်မှစတင်ခဲ့သည့် ဆန္ဒပြမှုများအတွင်း လူ ၂၂ ဦးသေဆုံးခဲ့သည်။လူဦးရေသန်း ၃၀ ခန့်ရှိသည့် မာဒါဂါစကာတွင် လူဦးရေ ၇၅ ရာခိုင်နှုန်းက ဆင်းရဲကြသည်။















