နီပေါအစိုးရကို ရက်ပိုင်းအတွင်းဖြုတ်ချနိုင်ခဲ့သည့် လူငယ်ဦးဆောင်သော ဆန္ဒပြမှုများကို ဦးဆောင်သူ အသက် ၃၆ နှစ်အရွယ်ရှိ ဆူဒန်ဂူရွန်က ၂၀၂၆ ခုနှစ်၊ မတ်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာလိုက်ပြီဖြစ်သည်။
Start Here အစီအစဉ် သီးသန့်အင်တာဗျူးတွင် ဆူဒန်ဂူရွန်က ယင်းသို့အသိပေးခဲ့ခြင်းဖြစ်ပြီး သာမန်နိုင်ငံရေးပါတီတစ်ခုထက် အပြောင်းအလဲတစ်ခုကို ပုံဖော်ရန် ၎င်း၏အဖွဲ့က နိုင်ငံတစ်ဝန်းရှိထောက်ခံသူများကို ဆော်သြထားပြီးပြီဟုလည်း ဆိုသည်။
ဆူဒန်ဂူရွန်သည် နီပေါနိုင်ငံ၏ Gen Z အများစုဦးဆောင်သော အခြေခံလူတန်းစားအုံကြွမှု၏ အခရာအဖြစ် ထင်ရှားလာသူဖြစ်ကာ ၎င်း၏အဖွဲ့က နီပေါပြည်သူအားလုံး၏ အသံကိုကြားရအောင် ကြိုးစားနေသည်ဟု ဆိုသည်။
သို့သော်၎င်းက တစ်သီးပုဂ္ဂလ အရွေးခံမည့်ပုံမဟုတ်ဘဲ အဖွဲ့တစ်ခုအနေဖြင့်သာ ဝင်ပြိုင်ရန် စီစဉ်ထားသည်။၎င်းတို့အဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးအပြင် နီပေါနိုင်ငံ၏ ခရီးသွားကဏ္ဍကို မြှင့်တင်ရေး၊ ပြည်ပစွက်ဖက်မှုမပါဘဲ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်တို့နှင့်ဆက်ဆံရေး အားကောင်းလာစေရေးတို့ကို ဆောင်ရွက်ရန် အစီအစဉ်ရှိသည်ဟု ကတိကဝတ်ပြုထားသည်။
သို့သော် ရှေးရိုးစွဲနိုင်ငံရေးသမားများကို လာမည့်ရွေးကောက်ပွဲတွင် ဝင်မပြိုင်စေလိုသည့်အတွက် ဆူဒန်ဂူရွန်က အဂတိလိုက်စားမှုနှင့် ဆန္ဒပြသူများသေဆုံးသည့်ဖြစ်စဉ်တို့ကို အမြန်စစ်ဆေးဖော်ထုတ်ရန် ယာယီဝန်ကြီးချုပ် ဆူရှီလာကာကီအား တိုက်တွန်းတောင်းဆိုထားသည်။
အင်တာဗျူးသူက ဆူဒန်ဂူရွန်အနေဖြင့် ဝန်ကြီးချုပ်ဖြစ်ရန် ဆန္ဒရှိမရှိကိုမေးမြန်းခဲ့ရာ “ကျွန်တော်ကအဲဒါအတွက် သင့်တော်တဲ့သူပါလို့ ခုချိန်မပြောလိုပါဘူး။ဒါပေမဲ့ လူထုက ရွေးချယ်ရင်တော့ ကျွန်တော်ပြိုင်မှာပါ” ဟု ဖြေခဲ့သည်။၎င်းကို နှုတ်ဆိတ်အောင် ခြိမ်းခြောက်မှုများ ၊ ခြောက်လှန့်မှုများရှိသော်လည်း မကြောက်၊ နိုင်ငံကိုကယ်တင်ရမည်ဟု ဂူရွန်က ပြောသည်။
သတင်းများအရ ဂူရွန်သည် NGO အဖွဲ့တစ်ခုဖြစ်သည့် Hami Nepal ၏ ဥက္ကဌဖြစ်ပြီး တစ်ချိန်ကဒီဂျေ ၊ OMG အမည်ရှိနိုက်ကလပ်ပိုင်ရှင်ဖြစ်သည်။၂၀၁၅ ခုနှစ်ကလူ ပေါင်း ၉ဝဝဝ နီးပါးသေဆုံးခဲ့သည့် နီပေါမြေငလျင်လှုပ်သွားပြီးနောက် ဂူရွန်ကဆိုရှယ်မီဒီယာဖြင့် ဗော်လန်တီယာ ၂ဝဝ နီးပါးကို ဦးဆောင်ကာ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့သည်။
WhatsApp ၊ Facebook ၊ Instagram နှင့် YouTube အပါအဝင် ဆိုရှယ်မီဒီယာ ၂၆ မျိုးကို ပိတ်လိုက်ခြင်း ၊ အကျင့်ပျက်ခြစားခြင်း ၊ အလုပ်လက်မဲ့ဖြစ်ခြင်းတို့ကို အကြောင်းပြု၍စက်တင်ဘာ ၈ ရက်မှစတင်ကာ နီပေါနိုင်ငံတစ်ဝန်း လူငယ်ဆန္ဒပြမှုများပေါ်ပေါက်လာကာ ဆိုရှယ်မီဒီယာများဘန်းခြင်းကို ရုပ်သိမ်းပေးလိုက်သည့်တိုင် ဆူပူမှုများဆက်ဖြစ်နေခဲ့သည်။
စက်တင်ဘာ ၉ ရက်မွန်းလွဲပိုင်းတွင် နီပေါဝန်ကြီးချုပ်ရှာမာအိုလီ ရာထူးတာဝန်မှ နုတ်ထွက်လိုက်သည်။ နီပေါ၏နိုင်ငံရေးအခြေအနေသည် အတော်ဝရုန်းသုန်းကားနိုင်ခဲ့ပြီး မြို့တော်ခတ္တမန္ဒူတွင် စစ်တပ်က လုံခြုံရေးယူကာ stay-at-home အမိန့်ထုတ်ခဲ့ရသည်အထိ တင်းမာခဲ့သည်။
နိုင်ငံတစ်ဝန်း အစိုးရဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အထင်ကရနေရာများ ဖျက်ဆီးခံရပြီး နီပေါသမ္မတရမ်ချန်ဒရာ ၊ ဝန်ကြီးချုပ်ရှာမာအိုလီတို့ နေအိမ်များအပြင် ဝန်ကြီးချုပ်ဟောင်းနှစ်ဦးတို့၏ အိမ်များလည်း မီးရှို့ခံခဲ့ရသည်။ နိုင်ငံရေးပါတီရုံးများလည်း ပစ်မှတ်ထားခံခဲ့ရသည်။
Ref: Al Aljazeera ,Reuters Photo















