■ မလေးရှားတွင် မြန်မာနိုင်ငံသား ဖွင့်လှစ်ထားသည့် ကာရာအိုကေဆိုင်တစ်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာအမျိုးသမီး ၂၁ ဦး ဖမ်းဆီးရမိ

■ မလေးရှားတွင် မြန်မာနိုင်ငံသား ဖွင့်လှစ်ထားသည့် ကာရာအိုကေဆိုင်တစ်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာအမျိုးသမီး ၂၁ ဦး ဖမ်းဆီးရမိ
Published 8 September 2025

မလေးရှားတွင် မြန်မာနိုင်ငံသားဖွင့်လှစ်ထားသည့် ကာရာအိုကေဆိုင်တစ်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာအမျိုးသမီး ၂၁ ဦးဖမ်းဆီးရမိသည်ဟု မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။

မလေးရှားနိုင်ငံ နီဂရီဆမ်ဘီလန်ပြည်နယ် နီလိုင်းရှိ မြန်မာနိုင်ငံသားဖွင့်လှစ်ထားသည့် အဆိုပါ ကာရာအိုကေဆိုင်ကို မလေးရှားအာဏာပိုင်များက စက်တင်ဘာ ၆ ရက် သန်းခေါင်ယံအချိန်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖျော်ဖြေရေးစင်တာကို ဖမ်းဆီးရန် နှစ်ပတ်ခန့်အချိန်ယူခဲ့ရပြီး ယင်းကာရာအိုကေဆိုင်ကို စီမံခန့်ခွဲသူ အမျိုးသမီးတစ်ဦးနှင့် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး ၂၀ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးမှုတွင် စစ်ဆေးချက်များအရ မြန်မာအမျိုးသမီး ရှစ်ဦးမှာ ဗီဇာသက်တမ်းကုန်လွန်နေပြီး ကျန်ရှိသူများမှာ တရားဝင်နေထိုင်ခွင့်စာရွက်စာတမ်းနှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်များမရှိကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဆိုသည်။

လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းများအရ ယင်းကာရာအိုကေဆိုင်ကို မလေးရှားအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးရာတွင် သော့ခတ်ထားသဖြင့် အပြင်မှ သံဖြတ်လွှဖြင့် တိုက်ဖြတ်ကာ ဝင်ရောက်ဖမ်းဆီးခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ကာရာအိုကေဆိုင်တွင် မြန်မာနိုင်ငံသားများကိုသာ ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင်သာ ဖွင့်လှစ်ကြောင်း၊ ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ရစ်းဂစ် ၁၅၀ မှ ၂၀၀ ကြားပေးရပြီး ဖွင့်လှစ်ထားသည်မှာ သုံးလကျော်သာရှိသေးကြောင်း သိရသည်။

Most Read

Most Recent