လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း ကာရေဂါက နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၃၀)က များပြားလွန်းတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်များစွာ ခေါ်ယူထားပြီးဖြစ်ပေမဲ့ အီဆက်ခ်ကို ခေါ်ယူဖို့ စီစဉ်နေဆဲဖြစ်ပါတယ်။
ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို လီဗာပူးလ်အသင်းက ပေါင်သန်း(၁၁၀)နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း လီဗာပူးလ်အသင်းက ထပ်မကြိုးစားပေမဲ့ လက်ရှိအချိန်မှာ နယူးကာဆယ်နဲ့ အီဆက်ခ်တို့ ဆက်ဆံရေးတင်းမာနေတာကြောင့် ပေါင်သန်း(၁၃၀)နဲ့ Add-ons ကြေးပေးပြီး ထပ်ကမ်းလှမ်းဖွယ်ရှိကြောင်း သတင်းထွက်လာပါတယ်။
ဒါကြောင့် ကာရေဂါက ''ကျွန်တော် ဆွီဒင်တိုက်စစ်မှူးကို လီဗာပူးလ်ကစားသမား ဖြစ်လာစေချင်ပါတယ်။ ဒါပေမဲ့ ပထမကမ်းလှမ်းမှု ပေါင်သန်း(၁၁၀)က မဖြစ်စလောက်ပမာဏ မဟုတ်ပါဘူး။ လီဗာပူးလ်က ပေါင်သန်း(၁၃၀)အထက် ပေးရမယ်ဆိုရင်တော့ အရမ်းများပါတယ်။ အဲဒီပြောင်းရွှေ့ကြေးနဲ့တော့ ဘာပေကိုပဲ ခင်ဗျားခေါ်ချင်မှာပါ'' လို့ ပြောကြားခဲ့ပါတယ်။















