မန်စီးတီးအသင်းဟာ ဘရာဇီးလ် တောင်ပံကစားသမား ဆယ်ဗင်ညိုအတွက် စပါးအသင်းရဲ့ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
စပါးအသင်းက ဆယ်ဗင်ညိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဆွေးနွေးနေတာဖြစ်ပြီး ဆယ်ဗင်ညိုကလည်း ပွဲကစားခွင့်ပိုမိုရရှိမယ့် စပါးအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ဒါကြောင့် စပါးအသင်းက တရားဝင်ကမ်းလှမ်းမှု စတင်ပြုလုပ်လိုက်ခြင်းဖြစ်ပြီး မန်စီးတီးအသင်းက ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မန်စီးတီးအသင်းဟာ အသက် ၂၁ နှစ်သာရှိသေးတဲ့ ဆယ်ဗင်ညိုကို ၂၀၂၄ နွေရာသီကမှ ပေါင် ၃၀.၈ သန်းနဲ့ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
မန်စီးတီးအသင်းဟာ ဆယ်ဗင်ညိုကို ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ရောင်းထုတ်ဖွယ်ရှိတယ်လို့ သတင်းထွက်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာပါ။
ဆယ်ဗင်ညိုဟာ နည်းပြ ဂွါဒီယိုလာရဲ့ လာမယ့်ရာသီစီမံကိန်းမှာ ပါဝင်နေခြင်းကြောင့် မန်စီးတီးအသင်းက ငြင်းပယ်ခဲ့ခြင်းဖြစ်ပေမဲ့ ၎င်းင်းတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ ကြေးတန်ဖိုး ရရှိလာခဲ့ရင်တော့ ရောင်းထုတ်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများလည်း ရှိနေပါတယ်။
စပါးအသင်းကလည်း ယခုကမ်းလှမ်းမှုနဲ့တင် လက်လျှော့မှာမဟုတ်ဘဲ ကြေးတိုးမြှင့်ပြီး ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သတင်းထွက်နေပါတယ်။















