မန်ယူအသင်းမှာ နှစ်(၂၀)ကြာတဲ့အထိ ဆက်ရှိသွားချင်တယ်လို့ အာမိုရင်မ် ပြောကြား

မန်ယူအသင်းမှာ နှစ်(၂၀)ကြာတဲ့အထိ ဆက်ရှိသွားချင်တယ်လို့ အာမိုရင်မ် ပြောကြား
Photo: X
Photo: X
Published 3 August 2025

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က လက်ရှိအသင်းမှာ နှစ်(၂၀)ကြာတဲ့အထိ ဆက်ရှိသွားချင်ပြီး အဲဒါဟာ သူ့ရဲ့ ရည်မှန်းချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဗာတန်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲအတွက် ချီကာဂိုဖိုင်းယားအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ရောက်ရှိနေတဲ့ အာမိုရင်မ်ကို BBC က (၂၅)မိနစ်ကြာ အင်တာဗျူးပြုလုပ်ခဲ့ရာမှာ အာမိုရင်မ်က အဲဒီလိုပြောကြားခဲ့တာပါ။

ပေါ်တူဂီလူမျိုးဖြစ်တဲ့ အာမိုရင်မ်ဟာ မန်ယူအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်တဲ့ သဘောတူညီမှုလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ အာမိုရင်မ်က ''ကျွန်တော် နှစ်(၂၀)ကြာတဲ့အထိ ဆက်ရှိသွားချင်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ရည်မှန်းချက်ဖြစ်ပြီး အမှန်တကယ်ယုံကြည်တဲ့အရာလည်း ဖြစ်ပါတယ်။ တစ်စုံတစ်ခုကတော့ ဖြစ်ပျက်လာမှာပါ။ ကျွန်တော့်ရဲ့နည်းပြဘဝမှာ ကံကောင်းမှုတွေ အများကြီးရရှိခဲ့ပါတယ်။ ကျွန်တော့်စိတ်ကူးကတော့ နှစ်တွေအများကြီး ဆက်ရှိသွားဖို့ပါပဲ။ ဒါပေမဲ့ ရလဒ်တွေကပဲ ဒါကို ဆုံးဖြတ်ပေးလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အာမိုရင်မ်က မကြာခင်မှာ အိုးလ်ထရက်ဖို့ဒ်ကို အောင်မြင်မှုတွေ ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ 

မန်ယူအသင်းမှာ ဂန္ထဝင်နည်းပြ ဖာဂူဆန်နောက်ပိုင်း ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေအနေနဲ့ (၃)နှစ်ထက်ပိုပြီး ကိုင်တွယ်ခွင့်ရသူ မရှိသေးကြောင်း သိရပါတယ်။

Most Read

Most Recent