စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ဟောင်ကောင်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့အတွက် ကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီပွဲကို Hong Kong Football Festival ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဆုဖလားလည်း ချီးမြှင့်ခဲ့ပါတယ်။
စပါးအသင်းက ပါပေဆားရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပြီး သောမတ်စ်ဖရန့်ခ်လက်ထက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ(၄)ပွဲမှာ (၂)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ပါတယ်။
အာဆင်နယ်နဲ့ပွဲအပြီးမှာ သောမတ်စ်ဖရန့်ခ်က '' ကျွန်တော့်ရဲ့ ပထမဆုံးမြောက်လန်ဒန်ဒါဘီပွဲမှာ အနိုင်ရခဲ့တဲ့အတွက် အရမ်းကို ကျေနပ်မိပါတယ်။ ခင်ဗျားအနေနဲ့ ဒါကို ခြေစမ်းပွဲလို့ ခေါ်ဆိုနိုင်မှာမဟုတ်ပါဘူး။ နှစ်သင်းစလုံးက ဘယ်လိုစိတ်ဆန္ဒတွေနဲ့ ကစားခဲ့ကြသလဲဆိုတာ အားလုံးအမြင်ပါပဲ။ ကျွန်တော်တို့ကတော့ Clean Sheet ရယူနိုင်ဖို့ပါ ဆန္ဒရှိခဲ့တာပါ။ ကျွန်တော်တို့ ဒီပွဲကို ခြေစမ်းပွဲလို သဘောမထားဘဲ ပြိုင်ပွဲတစ်ခုလိုပဲ ယှဉ်ပြိုင်ခဲ့တာပါ '' လို့ ပြောကြားခဲ့ပါတယ်။
သောမတ်စ်ဖရန့်ခ်က အနိုင်ဂိုးသွင်းခဲ့တဲ့ ပါပေဆားကိုလည်း မယုံနိုင်စရာကောင်းတဲ့ဂိုးဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။















