ယူရိုချန်ပီယံ အင်္ဂလန်အမျိုးသမီးအသင်းရဲ့ အောင်ပွဲခံအခမ်းအနားကို အင်္ဂါနေ့ ပြုလုပ်မယ်

ယူရိုချန်ပီယံ အင်္ဂလန်အမျိုးသမီးအသင်းရဲ့ အောင်ပွဲခံအခမ်းအနားကို အင်္ဂါနေ့ ပြုလုပ်မယ်
Photo: Lionesses
Photo: Lionesses
Published 28 July 2025

ယူရိုပြိုင်ပွဲနှစ်ကြိမ်ဆက် ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ အင်္ဂလန်အမျိုးသမီးအသင်းရဲ့ မြို့အတွင်းလှည့်လည်အောင်ပွဲခံတဲ့ အခမ်းအနားကို အင်္ဂါနေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

အင်္ဂလန်အမျိုးသမီးအသင်းဟာ အင်္ဂလန်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီးယူရို-၂၀၂၂ ပြိုင်ပွဲနဲ့ ဆွစ်ဇာလန်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီးယူရို-၂၀၂၅ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ဆက်တိုက်ရယူနိုင်ခဲ့တာပါ။

အင်္ဂလန်အမျိုးသမီးအသင်းဟာ တနင်္လာနေ့မှာ ဆွစ်ဇာလန်ကနေ အင်္ဂလန်ကိုပြန်ပြီး အင်္ဂါနေ့မှာ အမိုးဖွင့်ဘတ်စ်ကားနဲ့ လှည့်လည်အောင်ပွဲခံမှုပြုလုပ်မှာဖြစ်ပါတယ်။

ဘက်ကင်ဟမ်နန်းတော်မှာ ပြုလုပ်မယ့် အောင်ပွဲခံ အခမ်းအနားကတော့ ဗြိတိန်စံတော်ချိိန် ၁၂း၃၀ နာရီဝန်းကျင်မှာဖြစ်မယ်လို့ သိရပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ အမှုဆောင်ချုပ်  မာ့ခ်ဘူလင်ဂမ်ကတော့ ''ကျွန်တော်တို့ရဲ့ သမိုင်းဝင်အမျိုးသမီးအသင်းဟာ ဥရောပချန်ပီယံဆုကို နှစ်ကြိမ်ဆက်ရယူနိုင်ခဲ့တာပါ။ ပြည်ပပြိုင်ပွဲတစ်ခုမှာ ချန်ပီယံဆုရယူနိုင်တဲ့ ပထမဆုံးသော အင်္ဂလန်လက်ရွေးစင်အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ကစားသမားတွေအပါအဝင် အားလုံးအတွက် ကျွန်တော်တို့ အရမ်းကို ဂုဏ်ယူပါတယ်။ အင်္ဂါနေ့ လန်ဒန်မှာ ပြုလုပ်မယ့် အောင်ပွဲခံအခမ်းအနားက ပရိသတ်တွေအတွက် ကစားသမားတွေနဲ့အတူ အောင်ပွဲခံနိုင်မယ့်အခွင့်အရေးဖြစ်သလို၊ သမိုင်းရဲ့အစိတ်အပိုင်းလည်း ဖြစ်စေမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။

Most Read

Most Recent