အမေရိကန်က မြန်မာစီးပွားရေးလုပ်ငန်းရှင်အချို့ကို အရေးယူပိတ်ဆို့မှုများဖယ်ရှားဟု ရိုက်တာတွင် ဖော်ပြထားသည်။
နစက ဥက္ကဌက အမေရိကန်သမ္မတထံ စည်းကြပ်ခွန် ဖြေလျော့ပေးရန် တောင်းဆိုခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပေးရန် အကြောင်းကြားသည့် စာပေးပို့အပြီး နှစ်ပတ်အကြာတွင် အမေရိကန်ပြည်ထောင်စုက ယင်းသို့ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုကို ဖယ်ရှားလိုက်ခြင်းဟု သတင်းတွင် ဖော်ပြသည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှုစာရင်းမှ ဖယ်ရှားခဲ့သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်အချို့မှာ KT Services & Logistics နှင့် တည်ထောင်သူ Jonathan Myo Kyaw Thaung၊ MCM Group နှင့် ၎င်း၏ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies နှင့် ၎င်း၏ ပိုင်ရှင် စစ်တိုင်းအောင်နှင့် စီးပွားရေးလုပ်ငန်းရှင် နောက်တစ်ဦးဖြစ်သူ ဦးတင်လတ်မင်းတို့ဖြစ်သည်။
KT Services & Logistics နှင့် Jonathan Myo Kyaw Thaung တို့ကို သမ္မတဘိုင်ဒန်လက်ထက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့သည်။
စစ်တိုင်းအောင်နှင့် အောင်လှိုင်ဦးတို့ကိုလည်း ယင်းနှစ်မှာပင် ထည့်သွင်းခဲ့ပြီး တင်လတ်မင်းအား၂၀၂၄ ခုနှစ်တွင် စာရင်းတွင် ထည့်သွင်းခဲ့သည်။
အဆိုပါ ပိတ်ဆို့မှုဖယ်ရှားခြင်းနှင့်ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောင်းရွှေ့ရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ခြင်းမရှိသလို အိမ်ဖြူတော်ကလည်း မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးဟု သတင်းတွင် ဖော်ပြသည်။















