ဇူလိုင် ၂၇ ရက်တွင် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည်ဟု သတင်းထွက်ပေါ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင် ၂၇ ရက်(တနင်္ဂနွေနေ့) နံနက် ၆ နာရီအချိန်၌ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း၊ အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ကြောင်း၊ အောင်စာရင်းထုတ်ပြန်မည့် ဇူလိုင် ၂၇ ရက် နံနက် ၄ နာရီတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာပေးမည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးမည်ဖြစ်ကြောင်း၊ မိဘပြည်သူများ သက်ဆိုင်ရာစာစစ်ဌာနများ၌ အောင်စာရင်းကြည့်ရှုရန် လာရောက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန်နှင့် အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅၃၅၀၉) သို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့် ဇူလိုင် ၂၇ ရက် (တနင်္ဂနွေနေ့) တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
ယင်းသတင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်မည့်ရက် မကြေညာသေးကြောင်း၊ ယခင်နှစ်များနည်းတူ အောင်စာရင်းလုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်ပြီးစီး၍ အောင်စာရင်းကြေညာရန်အသင့်ဖြစ်သည့်အချိန်မှသာ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သတင်းစာများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ဤ Website (www.myanmarexam.org) နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Facebook Page (www.facebook.com/dme.gov.mm) တို့မှတစ်ဆင့် တရားဝင်အချိန်မီ အသိပေးကြေညာမည်ဖြစ်ကြောင်း၊ ထိုသို့ တရားဝင်မကြေညာမီ မည်သည့်ရက်ကိုမှ အတည်မပြုကြောင်း ထုတ်ပြန်သည်။
အလားတူ ယခင်နှစ်က ကြေညာချက်အဟောင်းများကို ဖြတ်ညှပ်ကပ်ပြုလုပ်၍ သတင်းမှားများထုတ်လွှင့်နေသော Page အတုအယောင်များကို သတိပြုကြပါရန်နှင့် အောင်စာရင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော လိမ်လည်မှုများကို သတိပြုကြပါရန် နှိုးဆော်အပ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ဝန်ဆောင်မှုများ၊ လုပ်ငန်းများနှင့် ပတ်သက်သည့် တရားဝင် ကြေညာချက်များ၊ ထုတ်ပြန်ချက်များကို အများပြည်သူထံသို့ www.facebook.com/dme.gov.mm မှတစ်ဆင့်လည်း တင်ပြသွားမည်ဖြစ်သောကြောင့် Like & Follow ပြုလုပ်ထားနိုင်ကြောင်း မြန်မာနိုင်ငံစာစာဦးစီးဌာနက ထုတ်ပြန်သည်။















