ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက ကလပ်ကမ္ဘာ့ဖလားဟာ ကလပ်အသင်းပြိုင်ပွဲတွေထဲမှာ အအောင်မြင်ဆုံးပြိုင်ပွဲဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
၃၂ သင်းပါဝင်တဲ့ ပြိုင်ပွဲအဖြစ် တိုးချဲ့ကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝေဖန်ပြစ်တင်မှုတချို့ ရှိနေပေမဲ့ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိနေတယ်လို့ အင်ဖန်တီနိုက ဆိုခဲ့ပါတယ်။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လက်ရှိအချိန်မှာ ဝင်ငွေ ဒေါ်လာ(၂)ဘီလီယံကျော် ပေါင်(၁.၅)ဘီလီယံကျော်ရရှိနေတာကြောင့် တစ်ပွဲကို ဒေါ်လာ(၃၃)သန်း ပေါင်(၂၄)သန်း တန်ကြေးရှိတဲ့ပြိုင်ပွဲ ဖြစ်တယ်လို့လည်း အင်ဖန်တီနိုက ဆိုခဲ့ပါတယ်။
''ကမ္ဘာလုံးဆိုင်ရာ ကလပ်အသင်းဘောလုံးလောကအတွက် ရွှေခေတ် စတင်နေပါပြီ။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိနေတယ်လို့ ကျွန်တော်တို့ အခိုင်အမာပြောနိုင်ပါတယ်။ ကွင်းထဲကို လာကြည့်တဲ့ပရိသတ် (၂.၅)သန်းကျော်ရှိပြီး တစ်ပွဲကို ပရိသတ်(၄၀၀၀၀)နီးပါး ရှိပါတယ်။ ပရီးမီးယားလိဂ်ကလွဲရင် အဲဒီလောက် ပရိသတ်နှုန်းထားရှိတဲ့လိဂ် ကမ္ဘာမှာ မရှိပါဘူး။ ဒီပြိုင်ပွဲမှာ တစ်ပွဲကို ပျမ်းမျှဝင်ငွေ ဒေါ်လာ(၃၃)သန်းရရှိနေပြီး ဒီလိုဝင်ငွေရတဲ့ ဖလားပြိုင်ပွဲလည်း ကမ္ဘာမှာ မရှိပါဘူး။ ဒါကြောင့် ဒီပြိုင်ပွဲက ကလပ်အသင်းပြိုင်ပွဲတွေထဲမှာ အအောင်မြင်ဆုံးပြိုင်ပွဲ ဖြစ်နေပါပြီ'' လို့ အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။















