ကော့သောင်းမြို့ အထက (၃) ကျောင်းမှ ကျောင်းသားတစ်ဦးက တစ်ခန်းထဲနေ ကျောင်းသားတစ်ဦးကို ပေါက်တူးရိုးဖြင့်ရိုက်ခဲ့မှု မြို့ခံများအကြား ဝေဖန်မှုမြင့်တက်နေ

ကော့သောင်းမြို့ အထက (၃) ကျောင်းမှ ကျောင်းသားတစ်ဦးက တစ်ခန်းထဲနေ ကျောင်းသားတစ်ဦးကို ပေါက်တူးရိုးဖြင့်ရိုက်ခဲ့မှု မြို့ခံများအကြား ဝေဖန်မှုမြင့်တက်နေ
Published 24 June 2025

ကော့သောင်းမြို့၊ အထက (၃) ကျောင်းမှ ကျောင်းသားတစ်ဦးက တစ်ခန်းထဲနေ ကျောင်းသားတစ်ဦးကို ပေါက်တူးရိုးဖြင့်ရိုက်ခဲ့မှု မြို့ခံများအကြား ဝေဖန်မှုမြင့်တက်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လပထမအပတ်အတွင်း ဖြစ်ပွားခဲ့သော်လည်း ယခုရက်ပိုင်းတွင် မြို့ခံများနှင့် လူမှုကွန်ယက်တွင် ဝေဖန်မှုများ ပြန်လည်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

“အရိုက်ခံရတဲ့ကျောင်းသားက Grade -9 အတန်းမှာ ပညာသင်ကြားနေတာပါ၊ အရိုက်ခံရပြီးတဲ့နောက်မှာ အာရုံကြောထိသွားလို့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ဆေးရုံကို ပို့လိုက်ရတယ်၊ ဖြစ်စဉ်ဖြစ်တဲ့အချိန်တုန်းက မျက်လုံးတွေမမြင်ရတော့တဲ့အထိ ဖြစ်သွားတယ်၊ ဆေးကုသမှုခံယူပြီးနောက်မှာတော့ ပြန်လည်သက်သာလာလို့ အမြင်အာရုံပြန်ရပြီလို့ကြားရတယ်၊ အခုဆေးရုံကဆင်းခွင့်ရလို့ ပြန်သက်သာနေပါပြီ” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၅ ရက် နေ့လယ် ၃ နာရီခန့်တွင် အထက(၃)၊ အေးရိပ်ငြိမ်မှ ကျောင်းသားတစ်ဦးကို တစ်ခန်းထဲနေကျောင်းသားတစ်ဦးက ပေါက်တူးရိုးဖြင့် ရိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါကျောင်းသားမှာ အရိုက်ခံရ၍ ကော့သောင်းပြည်သူ့ဆေးရုံ၌ ရောက်ရှိနေကြောင်း တာဝန်ကျဆရာဝန်ဒေါက်တာလင်းကျော်ကျော်မှ ဖုန်းဖြင့် အကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့က သွားရောက်ကြည့်ရှုရာ မောင်ပြည့်ဖြိုးမောင်မောင်၊ ၁၄ နှစ်၊ (ဘ) ဦးအောင်အောင်လွင်၊ ၉ တန်း(G-9)၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ကော့သောင်းမြို့နေသူဖြစ်ကြောင်း သိရှိရပြီး ဝဲနားသွေးထွက်၊ ဝဲနားနောက်ဖူးယောင်ဒဏ်ရာရရှိသဖြင့် မှုခင်းဆေးစာရေးသားခဲ့ကြောင်း သိရသည်။

အရိုက်ခံရသည့် မောင်ပြည့်ဖြိုးမောင်မောင်မှာ ရရှိဒဏ်ရာမသက်သာ၍ ကော့သောင်းမြို့၊ ဆေးရုံမှတဆင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်အားစုံစမ်းခဲ့ရာတွင် ဇွန် ၅ ရက်က မောင်ပြည့်ဖြိုးမောင်မာင်ကို တစ်ခန်းတည်းစာသင်နေသည့် မောင်ကျော်မိုးဝင်း ၊(၁၆ နှစ်)က သမိုင်းစာသင်ချိန်နှင့် သိပ္ပံစာသင်ချိန် ဆရာမအကူးအပြောင်းအချိန်တွင် ပေါက်တူးရိုးဖြင့် ရိုက်ခဲ့ကြောင်း၊ မောင်ပြည့်ဖြိုးမောင်မောင်နှင့် မောင်ကျော်မိုးဝင်းမှာရန်စရှိကြောင်း မောင်ကျော်မိုးဝင်းမှ မခံနိုင်ဘဲပေါက်တူးရိုးအားယူ၍ ဦးခေါင်းအားရိုက်ခဲ့ရာ ဦးခေါင်းကွဲခြင်းမရှိဘဲ ဝဲနားသွေးထွက်၊ ဝဲနားနောက်ဖူးယောင်ဒဏ်ရာ(သတိမေ့)(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရရှိသည့် ဒဏ်ရာများကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ဆေးရုံတွင်ခွဲစိတ်ကုသမှုခံယူပြီးနောက် ဇွန် ၇ ရက်တွင် အနည်းငယ်ပြန်မြင်ခဲ့ရကြောင်း ယခုအခါသက်သာပြီး နောက်မျက်လုံးပြန်မြင်ရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် နှစ်ဖက်မကျေလည်မှုများရှိနေခဲ့ရာမှ လူမှုကွန်ယက်တွင် ကျယ်ကျယ်ပြန့်ပြန်ဝေဖန်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent