အင်အားပြင်းထန်ငလျင် ဗဟိုပြုရာ စစ်ကိုင်းမြို့နယ် ရေခါးကျေးရွာတွင် ထိခိုက်ပျက်စီးမှု ကြီးမားစွာ ဖြစ်ပေါ်မှုမရှိသော်လည်း ရေခါးရွာနှင့်ကပ်လျက်တည်ရှိသည့် ကျောက်တာရွာ၌ အိမ်ခြေ ၁၇၅ လုံး ပြိုကျပျက်စီးခဲ့ပြီး သောက်သုံးရေအခက်အခဲမှအစ အကူအညီများစွာ လိုအပ်နေဆဲဖြစ်ကြောင်း သိရှိရသည် ။
စစ်ကိုင်းမြို့နယ် ရေခါးကျေးရွာတွင် ငလျင်ဒဏ်ကြောင့် ဘုန်းကြီးကျောင်း သုံးထပ်ဆောင်တစ်လုံးနှင့်လူနေအိမ် ၃ လုံး ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရှိရသည် ။
" ငလျင်ကြောက ရွာအဝင်ဆိုင်းဘုတ်အရှေ့ဘက်ကနေ ဖြတ်သွားတာ ။ အဲ့နေရာမှာကတော့ မြေကြောကြီးက သုံးပလေောကျ နိမ့်သွားတာ ။ ငလျင်ကြောက ရွာအပြင်ဘက်မှာဖြစ်လို့ ရွာထဲမှာ ထိခိုက်ပျက်စီးမှု သိပ်မဖြစ်ခဲ့ဘူး ။ လှုပ်တာကတော့ အတော်ကြမ်းပါတယ် " ဟု ရေခါးရွာခံတစ်ဦးက ပြောကြားခဲ့သည် ။
ရေခါးရွာမှာ စပရူလိုင်းနား စိမ်းပြာရေညှိ ထွက်ရှိရာ ရေခါးအင်းတည်ရှိသည့်ရွာဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ရေခါးအင်းတွင် ရေအနက် ၂၂ ပေရှိရာမှ ၂ ပေခန့် လျော့သွားခဲ့ပြီး လက်ရှိတွင် အနက်ပေ ၂၀ နှင့် အင်းအကျယ်အဝန်းမှာ ၁၁၄ ဧက ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည် ။
"ငလျင်လှုပ်ပြီးတော့ အင်းရေက တစ်ပေခွဲလောက် လျော့သွားတာ ။ နောက်ဆက်တွဲ ငလျင်လေးတွေ ထပ်လှုပ်တော့ ပေဝက်လောက် ထပ်ကျသွားတယ် ။ အခု ရေအနက်က ပေ ၂၀ ပဲ ကျန်တော့တာ ။ အရင်က ခုမြင်နေရတဲ့ စက်လှေလေးတွေက ရေပေါ်မှာ ။ ရေကျသွားတော့ ကုန်းပေါ်တင်ကျန်နေခဲ့တာ " ဟု အဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည် ။
ယင်းသို့ ငလျင်ဗဟိုပြုရာအနီး တည်ရှိသည့် ကျောက်တာကျေးရွာမှာမူ အိမ်ခြေ ၁၀၁ လုံး အလုံးစုံ ပြိုကျပျက်စီးခဲ့ပြီး ၇၅ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်တိုက်တာအဆောက်အအုံမှာ ၇၄ လုံး ရှိသည်ဟု ကျောက်တာကျေးရွာရှိ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ ကောက်ယူထားသည့်အချက်အလက်များအရ သိရှိရသည် ။
"ကျောက်တာ နဲ့ ရေခါး ဆိုတာ ရွာနှစ်ရွာဆိုပေမယ့် တဆက်တည်းဖြစ်နေတော့ ကျောက်တာရေခါးဆိုပြီး တွဲခေါ်ကြတာပါ ။ အခုငလျင်မှာတော့ ကျောက်တာက ထိခိုက်ပျက်စီးမှုများပါတယ် ။ ဆန်တွေဆီတွေ လာလှူတာမျိုးတော့ ရှိပါတယ်။
ကျောက်တာရွာက အရင်ကတည်းက သောက်သုံးရေ ခက်ခဲရှားပါးတဲ့ရွာပါ ။ နေရာတိုင်းမှာ အဝီစိတွင်း တူးလို့မရဘူး ။ ရွာရဲ့ တချို့နေရာလောက်ပဲ ရေရတာ ။ အခု ငလျင်အပြီးမှာ သောက်ရေရော သုံးရေရော ခက်ခဲနေကြရတယ် ။ရေသန့်လာလှူပေးနေလို့ သောက်ရေပြတ်လပ်သွားတာမျိုး မဟုတ်ပေမယ့် ခက်ခဲပါတယ် ။ သုံးရေနဲ့ နွားတွေအတွက် ရေကတော့ တော်တော်လေး အဆင်မပြေကြဘူး " ဟု ကျောက်တာကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည် ။
"ငလျင်ကြောင် အိမ်တွေတော့ပြိုတယ် ။ သေဆုံးတာတော့ တစ်ယောက်မှ မရွိဘူး ။ တစ်ရွာလုံးမှာ ထိခိုက်ဒဏ်ရာရသူက တစ်ယောက်ပဲရှိခဲ့တာ ။ သူက နှစ်ထပ်ခွဲတိုက်ပြိုရာမှာ ပိမိပြီး ခြေထောက်နှစ်ဖက်စလုံး ပြတ်သွားရတယ် " ဟု ဆက်လက်ပြောကြားခဲ့သည် ။
ကျောက်တာကျေးရွာမှာ ငလျင်ဒဏ်ကြောင့် ထန်းပင်တစ်ပင် နှစ်ခြမ်းကွဲသွားသည်ကို မြင်တွေ့ရသည့်ရွာ ဖြစ်ပြီး အိမ်ခြေ ၇၃၃ အိမ်ရှိသည့်အနက် ၁၇၅ လုံး ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည် ။















