ကတ်ရှ်မီးယား​ဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူများအား အောက်မေ့သတိရခြင်းအခမ်းအနား ရန်ကုန်မြို့ အိန္ဒိယစင်တာ၌ ကျင်းပ

ကတ်ရှ်မီးယား​ဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူများအား အောက်မေ့သတိရခြင်းအခမ်းအနား ရန်ကုန်မြို့ အိန္ဒိယစင်တာ၌ ကျင်းပ
Published 1 May 2025

ကတ်ရှ်မီးယား​ဒေသ ပါဟယ်လ်ဂမ်​ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူများအား အောက်မေ့သတိရ ဂါရဝပြုခြင်းအခမ်းအနားအား ရန်ကုန်မြို့၊ ​ရွှေဘုံသားလမ်းရှိ အိန္ဒိယစင်တာ၌ ဧပြီ ၃၀ ရက်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံ​ခြား​ရေးဝန်ကြီးဌာနတာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေး ပါတီများမှ ​ခေါင်း​ဆောင်များနှင့် ကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များ၊ အိန္ဒိယနွယ်ဖွားများနှင့် မြန်မာသတင်းမီဒီယာများ တင်​ရောက်ခဲ့သည်။

ယင်းအခမ်းအနားတွင် ပါဟယ်လ်ဂမ်​ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့သူများ၏  ထုတ်ဖော်ပြောဆိုမှုများအကြောင်းကို ဖော်ပြသည့် ၁၅ မိနစ်ကြာ ဗီဒီယိုကို ဦးစွာပြသခဲ့ပြီး ပါဟယ်လ်ဂမ်​ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်​သေဆုံးခဲ့သူများအား အောက်မေ့သတိရခြင်း ပန်း​ခွေချအစီအစဉ်ကိုပြုလုပ်ခဲ့သည်။

​အောက်​မေ့သတိရပန်း​​ခွေချအစီအစဉ်တွင် သံအမတ်ကြီး Abhay Thakur၊  နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊  မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း အကြံပေး ဦးဝင်းနိုင်တို့က

ပါဟယ်လ်ဂမ်​ အကြမ်းဖက်တိုက်ခိုက်မှု​ကြောင့် ​သေဆုံးခဲ့သူများအား  ပန်း​ခွေချခြင်းနှင့် ပန်းများကြဲဖြန့်ကာ အောက်မေ့သတိရကြောင်း ဖော်ပြခဲ့သည်။

ထို့​နောက် အခမ်းအနားတက်​ရောက်လာသူများက ပါဟယ်လ်ဂမ်​ အကြမ်းဖက်တိုက်ခိုက်မှု​ကြောင့် ​သေဆုံးခဲ့သူများအတွက် ​အောက်​မေ့သတိရခြင်း တစ်မိနစ်ငြိမ်သက် ဆု​တောင်းခြင်းပြုလုပ်ခဲ့သည်။

အိန္ဒိယသံသံအမတ်ကြီးက အကြမ်းဖက်မှုကျူးလွန်သူများ၊ စီစဉ်သူများနှင့်ကျောထောက်နောက်ခံပြုသူများကို တရားမျှတမှုရရှိစေရန် အိန္ဒိယ၏ သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး အိန္ဒိယနိုင်ငံနှင့် စည်းလုံးညီညွှတ်စွာရပ်တည်ပြီး ခိုင်မြဲသော ပံ့ပိုးကူညီမှုအတွက် မြန်မာအစိုးရနှင့် ပြည်သူများကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။

 ပါဟယ်လ်ဂမ်အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်၌ အိန္ဒိယနိုင်ငံပြည်နယ်အသီးသီးမှ အိန္ဒိယနိုင်ငံသား ၂၅ ဦးနှင့် နီပေါနိုင်ငံသား တစ်ဦးစုစု​ပေါင်း ခရီးသွား ၂၆ ဦး သေဆုံးခဲ့သည်။

ကတ်ရှ်မီးယား​ဒေသ ပါဟယ်လ်ဂမ်​ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံက တာဝန်ယူရမည်ဟု အိန္ဒိယနိုင်ငံက ထုတ်​ဖော်​ပြောကြားထားပြီး ယခုဖြစ်စဉ်အ​ပေါ် အိန္ဒိယနှင့် ပါကစ္စတန်အကြား  တင်းမာမှုဖြစ်​ပေါ်​လျက်ရှိသည်။

Most Read

Most Recent