ဧပြီ ၇ ရက် စာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၃၆၀၀ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၆၀ ဦးရှိဟု ဆို

ဧပြီ ၇ ရက် စာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၃၆၀၀ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၆၀ ဦးရှိဟု ဆို
Published 7 April 2025

ဧပြီ ၇ ရက်တွင် ကောက်ယူရရှိသော စာရင်းများအရ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၃၆၀၀ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၆၀ ဦးရှိကြောင်း သိရသည်။

" ဒီနေ့ ဧပြီ ၇ ရက်အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ စုစုပေါင်း ၃၆၀၀ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးသူ ၁၆၀ ဦး ဖြစ်ပါတယ်။ သေဆုံး၊ ပျောက်ဆုံးသူများအတွက် နိုင်ငံတော်အစိုးရအနေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ ကူညီကယ်ဆယ်မှုတွေအနေနဲ့ ဒီနေ့အထိ နိုင်ငံပေါင်း ၂၀ က လေယာဉ် ၉၄ ခေါက်၊ မော်တော်ယာဉ် ခြောက်စီး၊ သင်္ဘော ငါးစီ ရောက်ရှိကူညီပြီးဖြစ်ပါတယ်" ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် ငလျင်ဒဏ်သင့်ဒေသများ၌ နိုင်ငံပေါင်း (၂၀) မှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၃၈ ဦး စေလွှတ်ပြီး ကယ်ဆယ်ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထောက်ပံ့ရေးပစ္စည်း ၁၂၈၁ တန်ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း ၈၄၄ ကျော် ရောက်ရှိပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက " ကူညီကယ်ဆယ်မှုတွေအနေနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြီးရင် Volunteer အဖွဲ့တွေ၊ ခုနကပြောတဲ့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အသက်ရှင်လျက် အမျိုးသား ၃၃၈ ဦး၊ အမျိုးသမီး ၃၁၅ ဦး၊ စုစုပေါင်း ၆၅၃ ဦး၊ Dead Body တွေ့ရှိမှုအနေနဲ့ အမျိုးသား ၃၄၀ ဦး၊ အမျိုးသမီး ၃၆၀ ဦး၊ စုစုပေါင်း ၇၀၀ ဦး၊ ကူညီကယ်ဆယ်နိုင်ခဲ့ပါတယ်" ဟု ပြောကြားသည်။

မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခြင်း၊ ပစ္စည်းများဖြင့် ထောက်ပံ့ခြင်းဆောင်ရွက်သည့် နိုင်ငံများသည် ရုရှား၊ တရုတ်၊ တရုတ် (ဟောင်ကောင်)၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘယ်ဘာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖီလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တူကီရဲ၊ အမေရိကန်၊ သီရိလင်္ကာ၊ ဟောင်ကောင် စသည့် နိုင်ငံပေါင်း ၂၀ မှ ကူညီကယ်ဆယ်မှုများ၊ ထောက်ပံ့ပစ္စည်း ပို့ဆောင်ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မတ် ၂၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၌ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အများအပြားဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent