ဘာစီလိုနာအသင်း၏ စပိန်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်က စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင် ရေပန်းစားသည့်အသင်းမရှိဟု ပြောကြားခဲ့သည်။
၂၀၂၄-၂၀၂၅ ရာသီ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲသို့ El Clásico ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်း တက်ရောက်ခဲ့ပြီး ဧပြီ(၂၆) တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဗိုလ်လုပွဲတက်ရောက်လာသည့် နှစ်သင်းအနက် ဘာစီလိုနာအသင်းက အကြိမ်အများဆုံးအဖြစ် (၄၃) ကြိမ်မြောက်နှင့် ရီးယဲလ်အသင်းက ဒုတိယအများဆုံးအဖြစ် (၄၁) ကြိမ်မြောက် တက်ရောက်နိုင်ခြင်းဖြစ်သည်။
"ရေပန်းစားတဲ့အသင်းမရှိတဲ့ ဗိုလ်လုပွဲတစ်ပွဲပါ။ တစ်ပွဲတည်း ယှဉ်ပြိုင်ကစားရမှာပါ။ အားပေးနေတဲ့ ပရိသတ်တွေနဲ့အတူ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမယ့်အခြေအနေက တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်"ဟု ဖယ်ရန်တောရက်စ်က ပြောကြားခဲ့သည်။
စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင် El Clásico ပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းမှာ ခုနစ်ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ရာသီနောက်ပိုင်း (၁၁) နှစ်အကြာတွင် တစ်ကျော့ပြန် တွေ့ဆုံခြင်းဖြစ်သည်။
ယခင်တွေ့ဆုံမှုများအနက် ၁၉၆၇-၁၉၆၈ ရာသီတွင် ဘာစီလိုနာအသင်းက (၁-၀) ဂိုး၊ ၁၉၇၃-၁၉၇၄ ရာသီတွင် ရီးယဲလ်အသင်းက (၄-၀) ဂိုး၊ ၁၉၈၂-၁၉၈၃ ရာသီတွင် ဘာစီလိုနာအသင်းက (၂-၁) ဂိုး၊ ၁၉၈၉-၁၉၉၀ ရာသီတွင် ဘာစီလိုနာအသင်းက (၂-၀) ဂိုး၊ ၂၀၁၀-၂၀၁၁ ရာသီတွင် ရီးယဲလ်အသင်းက အချိန်ပို၌ (၁-၀) ဂိုး၊ ၂၀၁၃-၂၀၁၄ ရာသီတွင် ရီးယဲလ်အသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲထားသည်။















