ဘာစီလိုနာအသင်းအနေဖြင့် ကွင်းလယ်လူ အော်လ်မိုနှင့် တိုက်စစ်ကစားသမား ပါအူဗစ်တာတို့ကို မှတ်ပုံတင်ရန် ငွေကြေးအင်အားမရှိကြောင်း လာလီဂါပြိုင်ပွဲက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် ခေါ်ယူခဲ့သည့် အော်လ်မိုနှင့် ပါအူဗစ်တာတို့ကို ရာသီဝက်ကာလသာ မှတ်ပုံတင်နိုင်ခဲ့သည်။
ဘာစီလိုနာအသင်းအနေဖြင့် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ဒီဇင်ဘာ (၃၁) ရက်မတိုင်မီ ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီကြောင်း သက်သေမပြနိုင်သလို ထပ်မံတိုးမြှင့်ပေးသည့် ဇန်နဝါရီ (၃) ရက်အထိ ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း စပိန်အမျိုးသားအားကစားကောင်စီ (CDS) က အပြီးသတ်ဆုံးဖြတ်ချက်မချမီအချိန်အထိ ၎င်းတို့နှစ်ဦးကို ယာယီ ကစားရန် ခွင့်ပြုပေးထားခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ၎င်းတို့ နှစ်ဦးကို မှတ်ပုံတင်နိုင်ရန်အတွက် ပြင်ဆင်တည်ဆောက်နေသည့် နူးကမ့်ကွင်းမှ VIP ထိုင်ခုံနေရာများအား ယူရိုသန်း (၁၀၀) ဖြင့် ရောင်းချခဲ့သည်။
အဆိုပါရောင်းချမှု သဘောတူညီချက်ကို အမည်မဖော်ပြသည့် စာရင်းစစ်တစ်ဦးက အတည်ပြုပေးခဲ့သော်လည်း ၂၀၂၄-၂၅ ရာသီ နောက်ဆုံးရက်သတ္တပတ်အထိ ဘဏ္ဍာရေးမှတ်တမ်းတွင် စာရင်းသွင်းဖော်ပြထားခြင်းမရှိကြောင်း သိရသည်။















