ယူနီဆက်ဖ်ကိုရီးယားကော်မတီ၏ မတ်လ ၃၁ ရက်ထုတ်ပြန်ချက်အရ တောင်ကိုရီးယားမင်းသားအင်ဆီဝမ်က ငလျင်ဒဏ်သင့်မြန်မာနိုင်ငံမှ ကလေးသူငယ်များအား ကူညီထောက်ပံ့ရန် ကိုရီးယားဝမ်သန်း ၃၀ ထည့်ဝင်လှူဒါန်းထားကြောင်း သိရသည်။
အဆိုပါလှူဒါန်းငွေများကို မြန်မာကလေးငယ်များ အစာအာဟာရပြည့်ဝရေး ၊ သောက်ရေသန့်ရှင်းမှုရှိရေး ၊ ပညာသင်ကြားရေး စသည့် အရေးပေါ်ကူညီရေးအစီအမံများအတွက် သုံးစွဲသွားမည်ဖြစ်သည်။
ယခုငလျင်နှင့်ပတ်သက်ပြီး အင်ဆီဝမ်က “ အိုးအိမ်ဆုံးရှုံးသွားတဲ့ ကလေးတွေအတွက် ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်။ နောက်ထပ်အထိအခိုက်မရှိဘဲ အားလုံးဘေးကင်းကြပါစေလို့လည်း ဆုတောင်းပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။ အင်ဆီဝမ်ကို ပရိသတ်က The King in Love နှင့် Squid Game 2 ဇာတ်လမ်းတွဲများဖြင့် ရင်းနှီးကြပြီးဖြစ်မည်။
ယူနီဆက်ဖ်ကိုရီးယားကော်မတီ၏ အတွင်းရေးမှူးချုပ် ချိုမီဂျင်ကလည်း “ရုတ်တရက်သဘာဝဘေးကြောင့် ထိတ်လန့်ကြောက်ရွံ့ခဲ့ကြတဲ့ ကလေးတွေအတွက် ဒါကအများကြီးနှစ်သိမ့်အားပေးမှုဖြစ်စေမှာပါ။ ကလေးတွေအပေါ် အင်ဆီဝမ်ရဲ့စေတနာမေတ္တာတွေကို အလွန်ကျေးဇူးတင်ပါတယ်” ဟုဆိုထားသည်။
မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီး နောက်တစ်နေ့ မတ်လ ၂၉ ရက်တွင် ယူနီဆက်ဖ်ကိုရီးယားကော်မတီက ကလေးများအတွက် အရေးပေါ်ကူညီရေးကမ်ပိန်းတစ်ရပ်ကို ပြုလုပ်ခဲ့သည်။
Ref: Maeil Business Newspaper or MK
Allkpop photos















