■ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့ ကရင်မလင် နန်းတော်တွင် တွေ့ဆုံ
■ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ ဆွေးနွေး
ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်တို့သည် ယနေ့(မတ် ၄ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတက ကြိုဆိုနှုတ်ဆက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့်အတူ ရုရုားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြည်ပဆက်ဆံရေး လက်ထောက်အရာရှိ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က ဒုတိယအကြိမ်ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယခုနိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေပါကြောင်း၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုး နိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများမှာလည်း ယခင်ကထက် ပိုမို တိုးတက်လာပြီဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မော်စကိုမြို့တွင်တွေ့ဆုံမှုအတွက် ဝမ်းမြောက်ကြောင်းကို မိမိအနေဖြင့် ထပ်မံပြောကြားလိုပါကြောင်းနှင့် ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည့်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မော်စကိုမြို့၌ တွေ့ဆုံရမှုအတွက်ကျေးဇူးတင်ရှိပါကြောင်း၊ (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်၌ တွေ့ဆုံခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံသည်မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ခရီးဝေးကွာသော်လည်း ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများ ဖြစ်ပါ ကြောင်း၊ နှစ်နိုင်ငံသည် ရှေးသမိုင်းအစဉ်အဆက်ကတည်းကပင် အေးအတူပူအမျှ နေထိုင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံမှုမှာ (၇၇)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးမှုသည် မိမိတို့နှစ်နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း၊ တွေ့ဆုံမှုအတွက်လည်း ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့် စိုက်ပျိုးရေးမွေးမြူရေး နှင့်အခြား ကဏ္ဍပေါင်းစုံ၌ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။















