မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇)တွင် တစ်ဦးတည်းလာရောက် ဓားပြတိုက်ခဲ့သူကို ယနေ့( ဖေဖော်ဝါရီ) ၂၂ရက် နံနက်က ဖမျးဆီးရမိခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။
မဟာအောင်မြေမြို့နယ် ၊ ဗောဓိကုန်းကမ္ဘောဇဘဏ်(၃၇)တွင် သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးတည်းမှ ဓားပြတိုက်မှုကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွှဲပိုင်းတွင် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး စူပါကပ်ဆိုင်ကယ်ဖြင့် ငွေကျပ် သိန်း ၁၅၀၀ ခန့်အားယူဆောင်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျူးလွန်သူအားဖမ်းဆီးရမိရေး တာဝန်ရှိသူများက စုံစမ်းရှာဖွေခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ် ၊၁၂ဝလမ်း ၊ ၆၈ဘီလမ်းနှင့် ၆၈စီလမ်းကြားတွင် သက်သေခံပစ္စည်းများဖြစ်သည့် ငွေများနှင့်အတူသေနတ်ကိုပါ တွေ့ရှိခဲ့ရပြီး အဆိုပါအမျိုးသားသည် အသက် ၅၄ နှစ်အရွယ် မုန့်ပို့လုပ်ငန်းလုပ်ကိုင်သူတစ် ဦးဖြစ်ကြောင်း ကန ဦးစုံစမ်းစစ်ဆေးချက်များအရ သိရသည်။
၄င်းသည် ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၄ နာရီခန့်ကလည်း ပြည်ကြီးတန်ခွန်မြို့နယ် လမ်း ၁၂၀ ၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြားရှိ ကိုဟန်တင်ဆေးဆိုင်ကိုလည်း သေနတ်ပြကာ ငွေကျပ်တစ်ဆယ့်ငါးသိန်းအား ယူဆောင်သွားသည်ဟု ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ယင်းကမ္ဘောဇဘဏ်(၃၇) တွင်ပင် ဇန်နဝါရီ ၁၁ ရက်ကလည်း လက်လုပ်သေနတ်ဖြင့် တစ်ဦးတည်းဓားပြလာတိုက်မှု ဖြစ်ပွားခဲ့ပြီး ယင်းဓားပြတိုက်သူကို ဘဏ်မှအထွက်တွင် ဝိုင်းဝန်းဖမ်းဆီးသဖြင့် ဖမ်းဆီးရမိခဲ့သည်။
KBZ ဘဏ်ခွဲများတွင် ဓားပြတိုက်ခံရမှုမကြာခဏဖြစ်ပွားပြီး ဖြစ်စဉ်အများစုတွင် သိန်းတစ်ထောင်ကျော်မှ သိန်းသုံးထောင်ခန့် ငွေကြေးပမာဏများကိုဓားပြတိုက်သူများကအလွယ်တကူ ဓားပြတိုက်ရယူနေသည်ကိုတွေ့ရသည်။
ထို့ပြင် KBZ ဘဏ်ခွဲများတွင် ဓားပြတိုက်သည့်ဖြစ်စဉ်များအနက် ဓားပြတိုက်သူများအား ပြန်လည်ဖမ်းဆီးရမိသည့်ဖြစ်စဉ်အချို့တွင် ဓားပြတိုက်သူများသည် PDF အဖွဲ့ဝင်များဖြစ်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားမှုအရ သိရသည်။















