ထိုင်း- မြန်မာနယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု တရုတ်ပြော

ထိုင်း- မြန်မာနယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု တရုတ်ပြော
Published 12 February 2025

ထိုင်း- မြန်မာနယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian က ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။   

မကြာသေးမီက ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှုစသည့် ဆိုးသွမ်းသောကိစ္စရပ်များဖြစ်ပွားခဲ့ကာ သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူများ၏အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှု အဆိပ်အတောက်ကို အတူတကွ အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် ဒေသတွင်းနိုင်ငံများကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို စနစ်တကျထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။   

အဆိုပါ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှာ ဒေသတွင်းနိုင်ငံများ၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အနောက်အယှက်ဖြစ်စေကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှုတို့ကို ခိုင်မာစွာတိုက်ဖျက်ခြင်းသည် ပြည်သူ့ဗဟိုပြုအယူအဆကို အကောင်အထည်ဖော်သည့် လက်တွေ့ကျသော လုပ်ဆောင်မှုအဖြစ် ထင်ဟပ်ပေါ်လွင်စေကြောင်း၊ ဒေသတွင်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားကာကွယ်ခြင်း၏ မဖြစ်မနေရွေးချယ်ရမည့် လုပ်ဆောင်မှုဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ထိုင်း၊ မြန်မာစသည့် အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံချင်းသို့မဟုတ် ဘက်စုံပူးပေါင်းဆောင်ရွက်မှု၊ ဘက်စုံအစီအမံ၊ ပြဿနာအရင်းအမြစ်ဖြေရှင်းခြင်း၊ ရာဇဝတ်သားများ သက်ဆိုင်ရာနိုင်ငံများတွင် ပြစ်မှုကျူးလွန်ခြင်းမှ အတူတကွတားဆီးခြင်းကို တက်ကြွစွာဖော်ဆောင်နေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် ဇင်ယော် ဟု အမည်ပေးထားသည့် တရားဥပဒေစိုးမိုးရေးစီမံချက်ကို လုပ်ဆောင်ခဲ့ပြီး ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့ ပါဝင်ကြောင်း၊ ဆက်သွယ်ရေးလိမ်လည်မှုကို အဓိကထားသော ရာဇဝတ်မှုအသီးသီး စုစုပေါင်း ၁၆၀ မှုကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း ၇ သောင်းကျော် ဖမ်းဆီးခဲ့ကာ ပြည်သူ ၁၆၀ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ယခုနှစ်၏ သင့်လျော်သည့်အချိန်တွင် ဇင်ယော် ဒုတိယပိုင်းကို စတင်သွားမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အဆက်မပြတ်အာရုံစိုက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent