ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးကချိုးဖောက်သဖြင့် အစ္စရေးဓားစာခံအချို့ ပြန်လွှတ်ပေးမည့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဟားမာ့စ်အုပ်စုက ကြေညာလိုက်သည်။
အစ္စရေး-ဟားမာ့စ် အပစ်ရပ်ရေးကို ပြီးခဲ့သည့်လက စတင်လိုက်ပြီးနောက် နှစ်ဖက်ဓားစာခံ-အကျဉ်းသား လဲလှယ်မှုများ ဖြစ်မြောက်လာခဲ့ပြီး လာမည့်ဖေဖော်ဝါရီ ၁၅ ရက်တွင် အစ္စရေးဓားစာခံသုံးဦး ပြန်လွှတ်ပေးရန် သဘောတူထားသည်ကို ဟားမာ့စ်ဘက်က ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။ အဆိုပါသုံးဦးသည် ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအတွင်း ဟားမာ့စ်တို့ ဖမ်းခေါ်သွားသူများထဲမှ ဖြစ်သည်။
၄င်းတို့သုံးဦး ပြန်လွတ်လာပါက အစ္စရေးဘက်ကလည်း အပြန်အလှန်အနေဖြင့် အစ္စရေးအကျဉ်းထောင်များမှ ပါလက်စတိုင်းအကျဉ်းသားများကို လွှတ်ပေးရန် သဘောတူထားသည်။
ဟားမာ့စ်ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့်သုံးပတ်အတွင်း သဘောတူညီချက်ပါ အချက်များကို ရန်သူဘက်က ချိုးဖောက်မှုများ ရှိခဲ့သည်ကို တွေ့ရကြောင်း၊ ချိုးဖောက်မှုဟုဆိုရာဝယ် ဂါဇာမြောက်ပိုင်းသို့ စစ်ရှောင်သူများ ပြန်လာနိုင်ရေးကို အချိန်ဆွဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထားခြင်း၊ လူသားချင်းစာနာမှု အထောက်အပံ့ ပစ္စည်းများ ပေးပို့မှုကို ပိတ်ဆို့ခြင်းတို့ဖြစ်ကြောင်း၊ အစ္စရေးဘက်က သဘောတူညီချက်အတိုင်း လိုက်နာ စောင့်ထိန်းသရွေ့ ဟားမာ့စ်ဘက်ကလည်း ကတိတည်မည်ဟု ထပ်လောင်းအတည်ပြုကြောင်း ဖော်ပြကြေညာခဲ့သည်။
အပစ်ရပ်ရေး သဘောတူညီမှု ပထမအဆင့်အရ အစ္စရေးဓားစာခံ ၃၃ ဦး ပြန်လွတ်လာရမည်ဖြစ်ပြီး လက်ရှိတွင် ၁၆ ဦး ပြန်လွတ်လာသည်။ ကျန်သည့် ၁၇ ဦးထဲကမှ ရှစ်ဦးသေဆုံးပြီဟု အစ္စရေးက ကြေညာထားသည့် အတွက် ပြန်လွတ်ရန် ကိုးဦးသာ ကျန်တော့သည်။ အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသားရာနှင့်ချီ ပြန်လွှတ်ပေးပြီးပြီ ဖြစ်သည်။
သီးခြားသဘောတူညီချက်အရ ထိုင်းနိုင်ငံသား ဓားစာခံငါးဦးကိုလည်း ရှေ့ရက်ပိုင်းတွင် ဟားမာ့စ်အဖွဲ့က ပြန်လွှတ်ပေးခဲ့သည်။
Ref----BBC
BBC images














