ဖိလစ်ပိုင်တွင် အမေရိကန်စစ်တပ်နှင့် ကန်ထရိုက်ယူထားသည့် လေယာဉ်တစ်စင်းသည် ဖေဖော်ဝါရီ ၆ ရက်က ပျက်ကျခဲ့သဖြင့် လူလေးဦး သေဆုံးခဲ့ကြောင်း မနီလာမြို့တော်ရှိ အမေရိကန်သံရုံးက ပြောကြားခဲ့သည်။
မင်ဒါနာအိုကျွန်းပေါ်တွင် ပျက်ကျသွားခဲ့သည့် အဆိုပါလေယာဉ်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်မည် မဟုတ်ကြောင်း အဘယ်ကြောင့်ဆိုသော် ထိုဖြစ်ရပ်သည် လျှို့ဝှက်အဆင့် သတ်မှတ်ထားခြင်းကြောင့်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်တွင် အမေရိကန်စစ်သား အနည်းငယ် ယာယီဖြန့်ကြက်ချထားပြီး အမေရိကန်စစ်သားများသည် မင်ဒါနာအိုကျွန်းပေါ်တွင် လှုပ်ရှားနေဆဲဖြစ်သည့် အိုင်အက်စ်အဖွဲ့နှင့်ဆက်နွှယ်သည့် စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် ဖိလစ်ပိုင် စစ်သားများအား ထောက်လှမ်းရေးသတင်းများ ထောက်ပံ့ပေးနေသည်။
ယခုလေ ယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ဟာဝိုင်အီရှိ အမေရိကန်၏ အင်ဒို-ပစိဖိတ်ဌာနချုပ်ကို မေးမြန်းရာတွင် ချက်ချင်း ဖြေကြားခဲ့ခြင်း မရှိပေ။
ထိုလေယာဉ်သည် အမ်ပါတူအန်မြို့အနီးရှိ လယ်ကွင်းထဲကို ပျက်ကျခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၄ ဦးမှာ အမေရိကန် စစ်မှုထမ်းတစ်ဦးနှင့် ကန်ထရိုက်တာ ၃ ဦးဖြစ်ကြောင်း သိရသည်။
Ref:AP















