ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO မှ အမေရိကန်နုတ်ထွက်မည့် သမ္မတအမိန့်အာဏာကို ၄၇ ဦးမြောက် အမေရိကန်သမ္မတဖြစ်လာသည့် ဒေါ်နယ်ထရန့်က ဇန်နဝါရီလ ၂၀ ရက်တွင် လက်မှတ်ရေးထိုး အတည်ပြု ထားမှုနှင့်ပတ်သက်ပြီး ပြန်စဉ်းစားပေးရန် WHO အကြီးအကဲ တက်ဒရို့စ်အက်ဒါနွမ်က ဖေဖော်ဝါရီ ၃ ရက်တွင် တောင်းဆိုလိုက်သည်။
“အမေရိကန်ရဲ့ဆုံးဖြတ်ချက်အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီကိစ္စကို ပြန်စဉ်းစားပေးဖို့လည်း မျှော်လင့်ပါတယ်။ အမေရိကန်နဲ့ WHO ကြားက သမိုင်းဝင်ဆက်ဆံရေးကို မပျောက်မပျက်ခိုင်မာလာအောင် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကိုလည်း ကြိုဆိုပါတယ်”ဟု တက်ဒရို့စ် အက်ဒါနွမ်က WHO ဘုတ်အဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
WHO အတွင်း ပြုပြင်ပြောင်းလဲမှုမရှိမှု၊ အမေရိကန်ထံမှ ထောက်ပံ့ငွေမတရားရယူနေမှု၊ ကိုဗစ်အရေးတွင် အရေးယူခြင်းမရှိမှု၊ နိုင်ငံရေးဘက်လိုက်မှု စသည့်အချက်လေးချက်ကို WHO မှ နုတ်ထွက်ရသည့်အကြောင်း ရင်းအဖြစ် ထရန့်၏အမိန့်တွင် ထောက်ပြခဲ့သည်။
ထိုအချက်များနှင့်ပတ်သက်၍ ဒေါက်တာတက်ဒရို့စ်က WHO သည် ၎င်းတို့သမိုင်းတစ်လျှောက် ပြုပြင်ပြောင်းလဲမှုအများဆုံးလုပ်ဆောင်ပြီးပြီဖြစ်ကြောင်း ၊ ကမ္ဘာသူကမ္ဘာသားများအတွက် ပိုကောင်းအောင် မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို အမေရိကန်အပါအဝင်အဖွဲ့ဝင်နိုင်ငံအားလုံးထံမှ အကြံပြုမှုများကို ကြိုဆိုပါကြောင်း၊ အလှူရှင်ရပ်ဝန်းကို ချဲ့ထွင်ရန် WHO က ကြိုးစားနေကြောင်း ပြန်လည်ဖြေရှင်းထားသည်။
ဆက်လက်ပြီး ၎င်းက ဝူဟန်တွင် နမိုးနီးယားတစ်မျိုးပျံ့နေသည့်သတင်းကြားသိချိန်မှစပြီး အချက်အလက်များ ထပ်တောင်းခဲ့ကာ ကမ္ဘာကိုလည်း သတိပေးခဲ့ကြောင်း၊ ကျန်းမာရေးပညာရှင်များနှင့် ဆွေးနွေးပြီး ကမ္ဘာ့နိုင်ငံများအတွက် ကာကွယ်ရေးလမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအစီအမံအားလုံးသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က တရုတ်တွင် ကိုဗစ်ကြောင့် ပထမဆုံး လူသေဆုံးမှုမဖြစ်မီကဖြစ်ကြောင်း ပြောဆိုခဲ့သည်။
နိုင်ငံရေးဘက်လိုက်မှုမရှိကြောင်းကိုလည်း မစ္စတာတက်ဒရို့စ်က “အဖွဲ့ဝင်နိုင်ငံတွေက WHO ကို တောင်းဆိုတာတွေအများကြီးရှိသလို WHO ကလည်း တတ်နိုင်သမျှကူညီနိုင်အောင် ကြိုးစားတယ်။ ဒါပေမဲ့ သူတို့တောင်းဆိုတာက WHO ရဲ့မစ်ရှင်နဲ့ သွေဖယ် နေရင်တော့ အဲဒါကိုလက်မခံပါဘူး”ဟု တုံ့ပြန်ထားသည်။
ထရန့်အမိန့်အရ အမေရိကန်သည် WHO အဖွဲ့မှ တစ်နှစ်အတွင်းထွက်ခွာမည် ဖြစ်ပြီး WHO အတွက် ထောက်ပံ့မှုအားလုံးရပ်ဆိုင်းလိုက်မည်။ WHO ကို အများဆုံး ထောက်ပံ့ပေးနေသည့်နိုင်ငံက အမေရိကန် ဖြစ်ပြီး ထောက်ပံ့ငွေအားလုံး၏ ၁၈ ရာခိုင် နှုန်းနီးပါးကို ပေးထားသည်။
အမေရိကန် နုတ်ထွက်လိုက်သည်နှင့် WHO နှင့် ညှိနှိုင်းဆွေးနွေးမှုများရှိတော့မည် မဟုတ်ဘဲ WHO နှင့် လက်တွဲအလုပ်လုပ်နေသည့် အမေရိကန်အစိုးရဝန်ထမ်းများကိုလည်း ပြန်ခေါ်ယူမည်ဖြစ်ကာ မိတ်ဖက်ပါ တနာသစ်များကို ရှာယူသွားမည်။ ထရန့်သည် ကိုဗစ်ကပ်ရောဂါပျံ့ခဲ့မှု အတွက် တရုတ်ကို WHO က အရေးယူရန်ပျက်ကွက်သည်ဟုဆိုကာ မကျေမနပ်ဖြစ်လာခဲ့ပြီး WHO က တရုတ်၏ရုပ်သေးရုပ်ဟု အကြိမ်ကြိမ်ထိုးနှက်လာသူဖြစ်သည်။
Ref: Anadolu Agency















