ပနားမားတူးမြောင်းတွင် တရုတ်သြဇာလွှမ်းမိုးမှုနှင့်သက်ဆိုင်သော စိုးရိမ်မှုများကို ပနားမားက ကိုင်တွယ်ဖြေရှင်းလိမ့်ဆိုသည်ကို မိမိအကောင်းမြင်ထားသည်ဟု ဖေဖော်ဝါရီ ၃ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက ပြောကြားခဲ့သည်။
တရုတ်၏ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးစီမံကိန်း(BRI)မှ ပနားမားချက်ချင်းနုတ်ထွက်သည်ကို ရူဘီယိုက ချီးကျူးခဲ့သည်။
ဆန္ဒပြသူများကလမ်းများပေါ်တွင် ဒေါ သတကြီးအော်နေကြစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် အမေရိကန်ပြည်ထောင်စုက ပနားမားတူးမြောင်းကို ပြန်ယူရေးအတွက် သမ္မတဒေါ်နယ်ထရန့်၏ တောင်းဆိုမှုကိုပြောကြားရန် ဖေဖော်ဝါရီ ၂ ရက်တွင် ပနားမားသမ္မတနှင့်တွေ့ဆုံခဲ့ သည်။
ထရန့်က အရေးပါသော ပနားမားတူးမြောင်းကို ပြန်လည်ရယူရန် ခြိမ်းခြောက်မှုများကို ရုပ်သိမ်းခြင်းမပြုပေ။ ပနားမားနိုင်ငံက ၎င်း၏အချုပ်အခြာကို ထိပါးသည့်တောင်းဆိုမှုမှန်သမျှကို ခိုင်ခိုင်မာမာပယ်ချနေခြင်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုအနေဖြင့် သမ္မတထရန့် ကျေနပ်စေရန် သံတမန်နည်းလမ်းအရ မည်သည့်အရာကို အောင်မြင်နိုင်သလဲဆိုသည်မှာ မရှင်းလင်းပေ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြည်ပ၌ ပထမဆုံးပြုလုပ်သည့်အစည်းအဝေးတွင် ရူဘီယိုသည် ပနားမားမြို့တော်၏ ရပ်ကွက်ဟောင်း၌ တည်ရှိသော သမ္မတဟို ဆေးရာအူးလ်မူလီနို၏တရားဝင်အိမ်တော် ၏အဖြူရောင်တံတိုင်းများ၏အပြင်ဘက်တွင် ဂုဏ်ပြုတပ်ဖွဲ့ကိုဖြတ်၍ လျှောက်ခဲ့သည်။
ရူဘီယိုသည် နိုင်ငံခြားရေးဝန်ကြီးဂျာဗီးယားမာတီနက်အာချာနှင့်လက်ဆွဲနှုတ်ဆက်ခဲ့ပြီး သမ္မတမူလီနိုနှင့်မဆွေးနွေးမီ လက်မထောင်ပြခဲ့သည်။
ရူဘီယိုသည် ဖေဖော်ဝါရီ ၂ ရက်နှောင်းပိုင်းတွင် ပနားမားတူးမြောင်းကို သွားကြည့်ခဲ့သည်။ ပနားမားတူးမြောင်းသည် အတ္တလန်တိတ်သမုဒ္ဒရာနှင့်ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးထားသည့် အရေးပါသော တူးမြောင်းဖြစ်သည်။ အမေရိကန်ကုန်တင် သင်္ဘော ၄၀ ရာခိုင်နှုန်းခန့်သည် ပနားမား တူးမြောင်းကို ဖြတ်သန်းသည်။
အမေရိကန်ပြိုင်ဘက်တရုတ်က တူးမြောင်းပတ်ပတ်လည်တွင် ပါ၀ါအများအပြားရရှိထားသည်ဟု ထရန့်နှင့်ရူဘီယိုတို့က ပြောကြားထားသည်။ ဖြစ်လာနိုင်စရာရှိသောပဋိပက္ခတွင် တူးမြောင်းကို ပိတ်လိုက်နိုင်သည်ဟု ဆိုသည်။ ပနားမားတူးမြောင်းကို ပိတ်လိုက်မည်ဆိုပါက အမေရိကန်ပြည်ထောင်စုအ တွက် ဆိုးရွားသော နောက်ဆက်တွဲအကျိုးဆက်များရှိလာနိုင်သည်။
ရူဘီယို မလာမီ ပနားမား၌ ဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ ဆန္ဒပြပွဲများသည် သေးငယ်သည်ဆိုသော်လည်း ပြင်းထန်သည့် ဆန္ဒပြပွဲများဖြစ်သောကြောင့် ရဲတပ်ဖွဲ့ကမျက်ရည်ယိုဓာတ်ငွေ့များဖြင့်ပစ်ခဲ့ရသည်။
ဆန္ဒပြသူများက နာဇီအလံရှေ့တွင် ထရန့်နှင့်ရူဘီယိုတို့၏ပုံများကိုကိုင်၍လည်းကောင်း၊ အနီ၊ အဖြူနှင့်အပြာရောင်ဝတ်စုံဝတ်ထားသော ရူဘီယိုပုံတူအရုပ်ကိုလည်းကောင်း မီးရှို့ခဲ့ကြသည်။
“ရူဘီယို၊ ပနားမားကနေ ထွက်သွားပါ”ဟု ဆန္ဒပြသူ ၂၀၀ ခန့်ကအော်ခဲ့ကြသည်။ သမ္မတမူလီနိုနှင့် ရူဘီယိုတို့ တွေ့ဆုံနေချိန်တွင် ဆန္ဒပြသူများက ယင်းသို့အော်ခဲ့ကြခြင်း ဖြစ်သည်။ ရဲတို့က ဆန္ဒပြသူများ မြို့ဟောင်းသို့ ချဉ်းကပ်လာခြင်းကို ဟန့်တားခဲ့ကြသည်။
“ထရန့်အတွက် ဒီပနားမားမှာ လုံးလုံးဘာမှမရှိဘူးဆိုတာကို ကျွန်တော်တို့ ထပ်လောင်းပြောကြားပါတယ်။ ပနားမားဟာ လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ပါတယ်”ဟု သမဂ္ဂခေါင်းဆောင် ဆာ အူးလ်မန်ဒက်ဇ်က ပြောခဲ့သည်။ ယင်းသို့ ပြောကြားကြာတွင် ၎င်းက “အင်ပါယာဆက် သားရူဘီယို”ဟု သုံးနှုန်းခဲ့သည်။
ဖိအားပေးမှုကို တု့ံပြန်မှုအဖြစ် ပနားမားသမ္မတ မူလီနိုက ပနားမားတူးမြောင်းနှစ်ဘက်စလုံးတွင်ရှိသော ဆိပ်ကမ်းများကို ထိန်းချုပ်ထားသော ဟောင်ကောင် အခြေစိုက်ကုမ္ပဏီ၏စာရင်းစစ်ကိုညွှန်ကြားခဲ့သည်။
Ref: AFP















