တရားမဝင် အွန်လိုင်းလောင်းကစား၊ ကျားဖြန့်နှင့် မူးယစ်ဆေးဝါးကိစ္စများ၌ ပါဝင်ဆောင်ရွက်နေသူများအပြင် သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ယနေ့(ဖေဖော်ဝါရီ ၃ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ သက်ဆိုင်ရာ နယ်မြေများအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေး လိမ်လည်မှုလုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေးနှင့် မဖြစ်ပေါ်စေရေး ဖော်ထုတ်အရေးယူခြင်းများဖြင့် တင်းတင်းကြပ်ကြပ်ပြတ်ပြတ်သားသားဖြင့်ကိုင်တွယ် ဆောင်ရွက်သွားကြရန် မဖြစ်မနေလိုအပ်ကြောင်း၊ ၎င်းအမှုများအပြင် မူးယစ်ဆေးဝါး ကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူများအပြင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ကို အကြောင်းပြု၍ နိုင်ငံတော်တွင်အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ထိထိရောက်ရောက် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာ၌လည်း ၎င်းကိစ္စနှင့်ပတ်သက်၍ အာရုံစိုက်မှုရှိလာကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း၍ ၎င်းဒုစရိုက်မှု နှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာဆောင်ရွက်နေကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ လူမှုရေးနှင့် ကျန်းမာရေးပိုင်းဆိုင်ရာကိစ္စရပ်များအားလုံးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ချမှတ်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့် အစိုးရတစ်ရပ်၏ မူဝါဒများပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဦးဆောင်လမ်းညွှန်မှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များက လုပ်ငန်းများအောင်မြင်စေရေး လက်တွေ့ကြပ်မတ်ကွပ်ကဲနေရန်လိုကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
အစည်းအဝေးသို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက် ရောက်ကြကြောင်း သိရသည်။















