မြောက်ကိုရီးယားကို ဆိုးသွမ်းနိုင်ငံဟု ပြောခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို မြောက်ကိုရီးယားက ဝေဖန်

မြောက်ကိုရီးယားကို ဆိုးသွမ်းနိုင်ငံဟု ပြောခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို မြောက်ကိုရီးယားက ဝေဖန်
Photo: AFP
Photo: AFP
Published 3 February 2025

မြောက်ကိုရီးယားကို ဆိုးသွမ်းနိုင်ငံဟု ပြောခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို  မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၃ ရက်တွင် ဝေဖန်ခဲ့သည်။

မကြာသေးမီကပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည့် ရူဘီယို၏ အဆိုပါမှတ်ချက်စကားသည် အဓိပ္ပာယ်မရှိကြောင်းမြောက်ကိုရီးယားက ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့သစ်ကို မြောက်ကိုရီးယား၏ ပထမဆုံးအကြိမ် လူသိထင်ရှား ဝေဖန်ရှုတ်ချမှုတစ်ခုအဖြစ် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားသည် အမေရိကန်၏ မည်သည့်ရန်စမှုကို မဆိုသည်းခံသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် အမေရိကန်၏မည်သည့်လုပ်ရပ်ကိုမဆို ပြင်းထန်စွာတန် ပြန်အရေးယူသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတထရန့်သည် ၎င်းင်း၏ပထမသက်တမ်းအတွင်း မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်နှင့် တွေ့ဆုံခဲ့ပြီး ယခုအကြိမ်တွင်လည်းမြောက်ကိုရီးယားနှင့် အဆက်အသွယ်လုပ်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယား၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မကြာသေးမီက ရေဒီယိုအင်တာဗျူးတစ်ခုတွင် ရူဘီယိုကနိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ချက်များချမှတ်ချိန်တွင် မြောက်ကိုရီးယားနှင့် အီရန်တို့သည် ကိုင်တွယ်ဖြေရှင်းရမည့် ဆိုးသွမ်းနိုင်ငံများဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကမူ ရူဘီယို၏မှတ်ချက်စကားကို အဓိပ္ပာယ်မရှိကြောင်းငြင်းဆိုခဲ့ပြီး ထိုမှတ်ချက်စကားသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်ကို ကျဆင်းစေသည့် ဆိုးရွားသည့် နိုင်ငံရေးရန်စမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရူဘိယို၏ မှတ်ချက်စကာများသည် အံ့အားသင့်စရာ မဟုတ်ကြောင်း၊ သူသည် မြောက်ကိုရီးယားနှင့်ပတ်သက်ပြီး ကောင်းမွန်သည့် စကားလုံးများကို ပြောကြားခဲ့မည်ဆိုပါက ပို၍ အံ့အားသင့်ရလိမ့်မည်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးဌာနကဲ့သို့ ထိပ်သီးအဆင့် ထုတ်ပြန်ချက်အရမြောက်ကိုရီးယားသည် ကြီးမားသည့် သြဇာကိုပြသခြင်း ဖြစ်ကြောင်း လေ့လာသူတစ်ဦးဖြစ်သည့် ဟောင်မင်က ပြောကြားခဲ့သည်။

“ဒီထုတ်ပြန်ချက်က ရောထွေးနေပါတယ်။ အမေရိကန်ကို ဝေဖန်နေတဲ့စကားတွေရော၊ အမေရိကန်ဆီက မြောက်ကိုရီးယားရဲ့ မျှော်မှန်းချက်တွေကိုရောပါ မြင်တွေ့ရပါတယ်။ အထူးသဖြင့် ထရန့်အစိုးရအဖွဲ့က သံတမန်နည်းလမ်းနဲ့ ချဉ်းကပ်လာမယ့်အရေးကို မြောက်ကိုရီးယားက ဘယ်လိုမျှော် လင့်ချက်တွေထားနေလဲဆိုတာကို သိသာထင်ရှားစေပါတယ်”ဟု တောင်ကိုရီးယား၏ အမျိုးသားပြန်လည်ပေါင်းစည်းရေးဌာန၏ ကျွမ်းကျင်သူ ဟောင်က ပြောကြားခဲ့သည်။

Ref: AFP                                                    

Most Read

Most Recent