ဒေါ်နယ်ထရန့်ကနိုင်ငံတကာဖွံ့ဖြိုးရေးအတွက် အမေရိကန်အေဂျင်စီ (USAID) ကို အစွန်းရောက် ငမိုက်သားတို့က လည်ပတ်နေခြင်းဖြစ်ပြီး အေဂျင်စီ၏အနာဂတ်ကို မိမိစဉ်းစားသုံးသပ်နေသည်ဟု ပြောကြားခဲ့စဉ် အီလွန်မက်စ်က အဆိုပါအေဂျင်စီကို ရာဇဝတ်အဖွဲ့အစည်းအဖြစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဝေဖန်တိုက်ခိုက်ခဲ့သည်။
ပင်လယ်ရပ်ခြားတွင် လူသားချင်းစာနာမှုအကူအညီများပေးရန် တာဝန်အပ်နှင်းခံထားရသော USAID အေဂျင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်မှုသည် ဒေါ်နယ်ထရန့်က အစိုးရဌာနများကို ပြောင်းပြန်လှန်ပစ်ရန် မက်စ်ကို မကြုံစဖူး အခွင့်အာဏာအပ်နှင်းခြင်းနှင့် အလေအလွင့်ဖြစ်နေသော အစိုးရအသုံးစရိတ်များနှင့် ကျော်လွန်သုံးစွဲမှုတို့ဖြစ်သည်ဟု ၎င်းတို့နှစ်ဦးတို့ယူဆထားသော အရာတို့ကို တန်ပြန်ရန် ထရန့်၏ဆောင်ရွက်ချက်တို့ကိုသိသိသာသာ စစ်မျက်နှာသစ်ဖွင့်လိုက်ခြင်းဖြစ်သည်။
“USAID ဟာရာဇဝတ်အဖွဲ့အစည်းဖြစ်ပါတယ်” ဟု သမ္မတ၏သြဇာအကြီးဆုံး ထောက်ခံသူဖြစ်လာသော တက်ဆလာနှင့် Space X တို့၏ ပိုင်ရှင်အီလွန်မက်စ်က ၎င်းပိုင်သော ဆိုရှယ်မီဒီယာ X တွင် ရေးခဲ့သည်။ ဆိုးရွားသည့် စီအိုင်အေလုပ်ငန်းများနှင့်အင် တာနက်ဆင်ဆာကိစ္စတို့တွင် USAID ၏ပါ ဝင်ပတ်သက်မှုကို ဖော်ပြထားသော ဗီဒီယိုအားတုံ့ပြန်ရာတွင် မက်စ်က အထက်ပါအတိုင်းရေးခဲ့ခြင်းဖြစ်သည်။
နောက်ဆက်တွဲပို့စ်တွင် မက်စ်က ထပ်မံဝေဖန်တိုက်ခိုက်ခဲ့ပြီး ၎င်း၏ X ဖော်လိုဝါ ၂၁၅ သန်းကို အထောက်အထားမရှိဘဲ မေးခွန်းထုတ်ခဲ့ရာတွင် ၎င်းက “USAID ဟာ ခင်ဗျားတို့ရဲ့အခွန် ဒေါ်လာတွေကို အသုံးပြုပြီး လူသန်းပေါင်းများစွာကို သေဆုံးစေခဲ့တဲ့ ကိုဗစ်အပါအဝင် ဇီဝလက်နက်သုတေသနကို ငွေကြေးထောက်ပံ့ခဲ့တာကို သိပါသလား” ဟု မေးခဲ့သည်။
ယခင်အစိုးရအဖွဲ့က တာဝန်ရှိသူများ ရုရှားသတင်းမှားလှု့ံဆော်မှုစစ်ဆင်ရေးနှင့် ဆက်စပ်နေခဲ့သော စွပ်စွဲပြောကြားမှုများကို ၎င်းက အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပေ။
“USAID ကို အစွန်းရောက် ငမိုက်သား တစ်သိုက်က လည်ပတ်နေတာဖြစ်ပါတယ်။ အဲဒီလူတွေကို ကျွန်တော်တို့ ရှင်းထုတ်ပစ်မှာဖြစ်ပါတယ်။ အဲဒီနောက် USAID ရဲ့အ နာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ချမှတ်သွားမှာဖြစ်ပါတယ်” ဟု ဖေဖော်ဝါရီ ၁ ရက်တွင် ထရန့်က ပြောကြားခဲ့သည်။
ထရန့်က မက်စ်ကို ထောက်ခံကြောင်း အလေးပေးပြောကြားခဲ့သည်။
“သူတို့က အီလွန်မက်စ်ပြောတဲ့အချက် တိုင်းကို သဘောမတူဘူးဆိုရင်တောင် မက်စ်ဟာ ကောင်းတဲ့အလုပ်ကို လုပ်နေတာပါ” ဟု ဖေဖော်ဝါရီ ၁ ရက်ညပိုင်းတွင် ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“သူဟာ ကုန်ကျစရိတ်တွေကို ကြီးကြီးမားမား ဖြတ်တောက်မယ့်သူဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကုန်ကျစရိတ်ဖြတ်တောက်တာကို ကျွန်တော်တို့က သဘောမတူပါဘူး။ သူလုပ်စေချင်တဲ့ကိစ္စကိုလည်း ကျွန်တော်တို့က လုပ်မှာမဟုတ်ပါဘူး။ သူက လူတော်ပါ။ အလွန်တော်ပါတယ်။ သူဟာ ကျွန်တော်တို့ ဖက်ဒရယ်အစိုးရရဲ့ဘက်ဂျက်ကို များများစားစား ဖြတ်တောက်မှာဖြစ်ပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။
ထရန့်က ပြည်ပအကူအညီအားလုံးကို ကနဦးတွင် သုံးလရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း စားနပ်ရိက္ခာနှင့်အခြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက်သက် ညှာခွင့်များ ဆက်ပေးမည်ဟု နောက်ပိုင်းတွင် ၎င်းက ထုတ်ပြန်ခဲ့သည်။ သီးခြားလွတ်လပ်သော အေဂျင်စီအဖြစ် USAID ၏ အနာဂတ်မှာ သေချာရန် အလှမ်းဝေးသည့်အနေအထားဖြစ်နေခြင်းနှင့်အတူ မသေချာမှုတို့ မင်းမူနေသည်ဟု အန်ဂျီအိုလုပ်သားများက ပြောကြားသည်။
ကွန်ဂရက်၏ဥပဒေဖြင့် ဖွဲ့စည်းထားသော USAID က ကမ္ဘာအနှံ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် ဖွံ့ဖြိုးရေးအကူအညီများအတွက် ဒေါ်လာ ၄၂ ဒသမ ၈ ဘီလျံကို စီမံခန့်ခွဲလျက်ရှိသည်။















