ရုရှား၏ ကာ့စ်ဒေသ ရှေ့တန်းစစ်မျက်နှာပြင်မှ  မြောက်ကိုရီးယားစစ်သားများ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ယူကရိန်း ပြောကြား

ရုရှား၏ ကာ့စ်ဒေသ ရှေ့တန်းစစ်မျက်နှာပြင်မှ  မြောက်ကိုရီးယားစစ်သားများ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ယူကရိန်း ပြောကြား
Published 2 February 2025

ရုရှား၏ ကာ့စ်ဒေသ ရှေ့တန်းစစ်မျက်နှာပြင်မှ မြောက်ကိုရီးယားစစ်သားများ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ယူကရိန်းက ယူဆထားသည်ဟု ယူကရိန်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၃၁ ရက်တွင် ပြော ကြားခဲ့သည်။

ရုရှားစစ်တပ်နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည့် မြောက်ကိုရီးယား စစ်သားများသည် အကျအဆုံး များပြားခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာ သွားခဲ့ခြင်းဖြစ်သည်ဟု ယူကရိန်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက အေ အက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ရုရှားကမူ ၎င်းတို့၏ စစ်သားများနှင်အတူ ပူးပေါင်းတိုက်ခိုက်ပေးနေသည့် ပြည်ပစစ်သားများရှိနေသည် ဆိုသည့်သတင်းကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ယူကရိန်းစစ်သားများသည် ကာ့စ်ဒေသတွင် ရက်စက် ကြမ်းကြုတ်သည့် လုပ်ရပ်များ လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့သည်။

အနောက်နိုင်ငံများ၊ တောင်ကိုရီးယားနှင့် ယူကရိန်းထောက်လှမ်းရေး အေဂျင်စီများကမူ မြောက်ကိုရီးယားသည် ကာ့စ်ဒေသတွင် ရုရှားတပ်ဖွဲ့များနှင့်အတူ ယူကရိန်းစစ်သားများကို တိုက်ခိုက်ရန် စစ်သား ၁၀၀၀၀ ကျော် စေလွှတ်ထားကြောင်း စွပ်စွဲခဲ့သည်။

ယူကရိန်းသည် ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက ရုရှား၏ ကာ့စ်ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းသည် ထိုစစ်ဆင်ရေးအတွင်း နယ်စပ်ဒေသရှိ နယ်မြေအချို့ကို သိမ်းပိုက်ထားပြီး ယင်းသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှား၏ နယ်နမိတ်အတွင်းသို့ ပြည်ပစစ်တပ်တစ်ခုက ပထမဆုံးအကြိမ် ဝင်ရောက် တိုက်ခိုက်မှုဖြစ်ကာ ရုရှားအတွက် စိတ်ကသိကအောက် ဖြစ်စေခဲ့သည်။

ရုရှားသို့ မြောက်ကိုရိးယားစစ်သားများ စေလွှတ်ထားသည်ဆိုခြင်းကို ရုရှားနှင့် မြောက်ကိုရီးယားတို့က တရားဝင် အတည်မပြုခဲ့ပေ။

မည်သို့ပင်ဆိုစေ ယူကရိန်းတပ်ဖွဲ့များသည် ကာ့စ်ဒေသကို ဝင်ရောက်တိုက်ခိုက်မှု ခြောက်လနီးပါး ကြာမြင့်လာချိန်တွင် ရုရှား၏နယ်မြေများကို ထိန်းချုပ်ထားပြီး ထိုနယ်မြေထိန်းချုပ်မှုသည် အနာဂတ်တွင် ရုရှားနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရာတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးအတွက် အလျှော့အတင်း ပြုလုပ်နိုင်မည့် အားသာချက်တစ်ခုအဖြစ် ယူဆခံထားရသည်။

“ပြီးခဲ့တဲ့ သီတင်းသုံးပတ်ကျော်အတွင်း မြောက်ကိုရီးယားစစ်သားတွေနဲ့ တိုက်ပွဲဖြစ်ပွားတာ ဒါမှမဟုတ် မြောက်ကိုရီးယား စစ်သားတွေရဲ့ လှုပ်ရှားမှုကို မတွေ့ခဲ့ရပါဘူး”ဟု ယူကရိန်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အိုလက်ဇန်းဒါး ကင်ဒရာတန်ကိုက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

“သူတို့တွေဟာ တိုက်ပွဲမှာ အကျအဆုံးများတာကြောင့် ဆုတ်ခွာသွားခဲ့ပြီလို့ ကျွန်တော်တို့ ယူဆထားပါတယ်” ဟု ၎င်းက ပြောသည်။

ယူကရိန်းကမူ ကာ့စ်ဒေသတွင် မြောက်ကိုရီးယားစစ်သားများ ဖမ်းဆီးခံရခြင်း သို့မဟုတ် သတ်ဖြတ်ခံရခြင်းတို့ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။မကြာသေးမီကလည်း ဇယ်လန်စကီးက ကာ့စ်ဒေသတွင် မြောက်ကိုရိးယား စစ်သားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent