တရားမဝင်ရွှေ့ပြောင်း ၃၀,၀၀၀ အထိ ထိန်းသိမ်းထားရေးအတွက် ဂွါတာနာမိုထောင်ကို ပြင်ဆင်ထားရန် သမ္မတဒေါ်နယ်ထရန့် ညွှန်ကြား

တရားမဝင်ရွှေ့ပြောင်း ၃၀,၀၀၀ အထိ ထိန်းသိမ်းထားရေးအတွက် ဂွါတာနာမိုထောင်ကို ပြင်ဆင်ထားရန် သမ္မတဒေါ်နယ်ထရန့် ညွှန်ကြား
လူဝင်မှုကြီးကြပ်ရေးဥပဒေကြမ်းကို ဥပဒေအဖြစ်လက်မှတ်ရေးထိုးလိုက်ပုံကို သမ္မတဒေါ်နယ်ထရန့် ပြသနေပုံအား ဇန်နဝါရီ ၂၉ ရက်တွင် တွေ့ရစဉ်(Photo: AFP)
လူဝင်မှုကြီးကြပ်ရေးဥပဒေကြမ်းကို ဥပဒေအဖြစ်လက်မှတ်ရေးထိုးလိုက်ပုံကို သမ္မတဒေါ်နယ်ထရန့် ပြသနေပုံအား ဇန်နဝါရီ ၂၉ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 30 January 2025

သမ္မတဒေါ်နယ်ထရန့်က အမေရိကန် ပြည်ထောင်စုလူဝင်မှုကြီးကြပ်ရေးဥပဒေကြမ်းဖြစ်သည့် Laken Riley Act ကို ဇန်နဝါရီ ၂၉ ရက်တွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်သောကြောင့် ရာဇဝတ်မှုကျူးလွန်သူများဟု စွပ်စွဲခံရသော တရားမဝင်ရွှေ့ပြောင်းများကို ပြန်ပို့ရေးအတွက် ဖက်ဒရယ်အာဏာပိုင်များအနေဖြင့် ပိုမိုကျယ်ပြန့် သော လုပ်ကိုင်ခွင့်အာဏာရှိလာသည်။

၎င်း၏အစိုးရသည် အဆိုးဆုံးရာဇဝတ်မှုကျူးလွန်သော တိုင်းတစ်ပါးသားများကို ကျူးဘားရှိ ဂွါတာနာမိုထောင်သို့ ပို့ရန်စီစဉ်ထားသည်ဟု လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ထရန့်က ပြောကြားခဲ့သည်။

ထရန့်၏ဒုတိယသက်တမ်းတွင် ပထမဆုံးအတည်ပြုခဲ့သည့်ပါတီနှစ်ရပ်အတည်ပြုသောအက်ဥပဒေကို Riley ဥပဒေဟု အမည်ပေးထားခြင်းမှာ အမေရိကန်ပြည်ထောင်စုသို့ တရားမဝင် ဝင်ရောက်လာသော ဗင်နိဇွဲလား အမျိုးသားတစ်ဦးက အသက် ၂၂ နှစ်အရွယ် ဂျော်ဂျီယာသူနာပြုကျောင်းသူ Riley ကို လွန်ခဲ့သောနှစ်တွင် သတ်ခဲ့သောကြောင့် ယင်းသို့အမည်ပေးခဲ့ခြင်းဖြစ်သည်။

“သူဟာ နွေးထွေးမှုနဲ့ကျင်နာမှုတို့ရဲ့ အလင်းရောင်ဖြစ်ပါတယ်”ဟု Riley ၏မိဘနှစ်ပါးနှင့် ညီမတို့တက်ရောက်သော အခမ်းအနားတွင် ထရန့်က ပြောကြားခဲ့သည်။

ပြန်ပို့ခြင်းကို သိသိသာသာတိုးမြှင့်သွားမည်ဟု ထရန့်က ကတိပေးခဲ့သည်ဆိုသော်လည်း လူအချို့ကို ပြန်ပို့မည်ဟုဆိုသည်။

“သူတို့ထဲက အချို့ဟာ အလွန်ဆိုးပါတယ်။ ကျွန်တော်တို့က သူတို့ပြန်လာတာကို မလိုချင်တာကြောင့်သူတို့ကို လက်ခံထားတဲ့နိုင်ငံတွေကိုတောင် ကျွန်တော်တို့မယုံပါဘူး။ ဒါကြောင့် သူတို့ကို ဂွါတာနာမိုကို ပို့ပစ်ပါမယ်”ဟု ထရန့်က ပြောကြားခဲ့သည်။

ရွှေ့ပြောင်း ရာဇဝတ်သားများကို လက်ခံရန် အဆင်သင့်ဖြစ်စေရေးအတွက် ဖက်ဒရယ်တာဝန်ရှိသူများ ကျူးဘားကိုသွားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

“အမေရိကန်ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ အဆိုးရွားဆုံးရာဇဝတ်ဆိုင်ရာ တိုင်းခြားသားတွေကို ထိန်းသိမ်းဖို့ ဂွါတာနာမိုမှာ ခုတင် ၃၀,၀၀၀ ရှိပါတယ်”ဟု သမ္မတက ပြောကြားခဲ့သည်။

ထရန့်သည် ဂွါတာနာမိုနှင့်သက်ဆိုင်သော သမ္မတစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်ဟု ခဏအကြာတွင် အိမ်ဖြူတော်က ကြေညာခဲ့သည်။ တုန်လှုပ်မိသည်ဟု ရွှေ့ပြောင်း လူ့အခွင့်အရေးအုပ်စုများကလျင်မြန်စွာ ပြောကြားခဲ့သည်။

အမေရိကန်စစ်အကျဉ်းထောင်ဖြစ် သောဂွါတာနာမိုကို အမေရိကန်၏အကြမ်းဖက်ဝါဒစစ်ပွဲအတွင်း ထိန်းသိမ်းခဲ့သူများကို ထားရှိရန်နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်။ သို့ရာတွင်အာဏာပိုင်များက ဂွါတာနာမိုရှိ ရွှေ့ပြောင်းစစ်ဆင်ရေးစင်တာ၌ ရွှေ့ပြောင်းများကို ထိန်းသိမ်းထားသည်။ ထိုနေရာကိုအမေရိကန်က ကျူးဘားအစိုးရထံမှ ငှားရမ်းထားသည်မှာ ကြာပြီဖြစ်သည်။ ထိန်းသိမ်းခံထားရသူ အများအပြားသည် ဟေတီနှင့်ကျူးဘားတို့က ရွှေ့ပြောင်းများဖြစ်သည်။

“ကျွန်တော်တို့က တရားမဝင် ရာဇဝတ်သားတွေကို အမေရိကန်ပြည်ထောင်စုမှာ တစ်မိနစ်တောင် ကြာကြာမထားချင်ပါဘူး”ဟု ကာကွယ်ရေးဝန်ကြီး ပီဟက်ဆက်က Fox News ၏ Jesse Watters Primetime အစီအစဉ်ကို ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။                                                          

Ref: AP

Most Read

Most Recent