ခရီးသည် ၆၀ ကျော်ပါသော လေယာဉ်နှင့် စစ်ဘက်ရဟတ်ယာဉ်တို့ ဝါရှင်တန်ကောင်းကင်တွင် တိုက်မိပြီး နှစ်စီးလုံး မြစ်ထဲပျက်ကျ

ခရီးသည် ၆၀ ကျော်ပါသော လေယာဉ်နှင့် စစ်ဘက်ရဟတ်ယာဉ်တို့ ဝါရှင်တန်ကောင်းကင်တွင် တိုက်မိပြီး နှစ်စီးလုံး မြစ်ထဲပျက်ကျ
Published 30 January 2025
Ref:AFP

လူ ၆၄ ဦး တင်လာသော အမေရိကန်ခရီးသည်တင်လေယာဉ်သည် ဇန်နဝါရီ ၂၉ ရက်ညပိုင်း လေ့ကျင့်ပျံသန်းနေသော စစ်ဘက်ရဟတ်ယာဉ်နှင့် လေထဲတွင် တိုက်မိခဲ့ပြီးနောက် ၀ါရှင်တန်ဒီစီ၏ အေးစိမ့်နေသော ပိုတိုမက်မစ်ထဲသို့ပျက်ကျသွားခဲ့သောကြောင့် ကြီးမားသည့်ကယ်ဆယ်ရေးလုပ်ငန်းကို ချက်ချင်းဆောင်ရွက်လျက်ရှိပြီး လေကြောင်းခရီးအားလုံးကို ရပ်နားခဲ့သည်။

ခရီးသည်တင်လေယာဉ်သည် ကန်းဆက်မှ ပျံသန်းလာခဲ့ပြီးနောက် အနီးနားရှိ ရေဂင်အမျိုးသားလေဆိပ်တွင် ဆင်းသက် အံ့ဆဲဆဲဖြစ်သည်။

လေကြောင်းခရီးကို၎င်း၏ လက်အောက်ခံကုမ္ပဏီခွဲက ဆောင်ရွက်ပေးနေသော အမေရိကန်လေကြောင်းလိုင်းက လေယာဉ်ပေါ်တွင် ခရီးသည် ၆၀ နှင့် လေယာဉ် အမှုထမ်းလေးဦးပါသည်ဟု ပြောကြားခဲ့သည်။

တိုက်မိရာတွင် ပါဝင်သော ရဟတ်ယာဉ်မှာ စစ်သားသုံးဦးပါသော ဘလက်ဟော့မော်ဒယ်ဖြစ်ပြီး ယင်းရဟတ်ယာဉ်ပေါ်က စစ်သားသုံးဦး၏အခြေအနေကို လတ်တလောတွင် မသိရသေးဟု အမေရိကန်စစ်တပ်တာဝန်ရှိသူက ပြောကြားခဲ့သည်။

“သူတို့က လေကျင့်ပျံသန်းနေကြတာပါ” ဟု သီးခြားစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခုအချိန်တွင်အတည်ပြုထားသည့် ထိခိုက်သေဆုံး သတင်းမရှိဟု ၀ါရှင်တန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရေငုပ်သမားများက နှင်းဖုံးနေသော ပိုတိုမက်မြစ်ထဲတွင် ရေငုပ်နေခြင်းနှင့်အတူ ကြီးမားသော ရှာဖွေ၊ ကယ်ဆယ်ရေးကို လုပ်ဆောင်လျက်ရှိသည်။

ရဲတို့က အလောင်းအများအပြားကို ရေထဲမှ စတင်ဆွဲတင်နေသည်ဟု အမည်မဖော်လိုသော သတင်းအရင်းအမြစ်ကိုကိုးကားပြီး ၀ါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။         

မျက်မြင်ကြုံရသူ အာရီရှူးလ်မန်းက အိမ်ကို ကားမောင်းပြန်နေစဉ် ကောင်းကင်၌ လေယာဉ်နှစ်စီး တိုက်မိခြင်းကြောင့် မီးရှူးမီးပန်းကြီးလို မီးပွားများ လွင့်စင်ထွက်သွားသည်ဟု ပြောကြားသည်။

“အစပိုင်းမှာတော့ လေယာဉ်ကို တွေ့ပါတယ်။ လေယာဉ်ဟာ ချောချောမောမောပါပဲ။ မြေပြင်ကို ဦးတည်နေတာပါ။ သုံးစက္ကန့်အကြာ၊ အဲဒီအချိန်မှာ ညဘက်တစ်ခုလုံး ဟင်းလင်းကြီးဖြစ်သွားပါတယ်။ အဲဒါရဲ့ အောက်ဘက်ကို မြင်ရပါတယ်။ အဝါရောင် တောက်တောင် လင်းထိန်သွားပါတယ်။ အဲဒါရဲ့အောက်ဘက်မှာ မီးပွား အတန်းလိုက်ကြီး ဖြစ်သွားပါတယ်။ ရောမဖယောင်းတိုင်နဲ့တူ နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သမ္မတဒေါ်နယ်ထရန့်က ၎င်းထံ ပြည့် ပြည့်စုံစုံ အစီရင်ခံထားပြီးဖြစ်သည်ဟု တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ဒုက္ခရောက် သူတိုင်း၏အသက်ကို ဘုရားက ကောင်းချီးပေးပါဟု ဖော်ပြထားသည်။

ယင်းသို့ လေထဲတွင် လေယာဉ်နှင့် ရဟတ်ယာဉ်တို့ တိုက်မိခဲ့ပြီးနောက် လေးနာရီမပြည့်မီ အခြားတာဝန်ရှိသူများက ၎င်းတို့ သည် ပြည့်ပြည့်စုံစုံသိရရန် စုံစမ်းစစ်ဆေးမှုများကို စောင့်နေသည်ဟု ပြောကြားခဲ့သည်။  ထရန့်ကမူလေကြောင်းထိန်းသိမ်းရေးကို ဆိုရှယ်မီဒီယာတွင် ဝေဖန်ခဲ့သည်။

“လေယာဉ်က လေဆိပ်ကို ချဉ်းကမ်တဲ့ လမ်းကြောင်းပေါ်မှာ ပြည့်ပြည့်ဝဝရောက်နေတာပါ။ ရဟတ်ယာဉ်က လေယာဉ်ဆီကို တည့်တည့်ကြီးဝင်လာတာပါ။ တိမ်တွေကင်းစင်နေတဲ့ညပါ။ လေယာဉ်မှာပါတဲ့ မီးတွေက လည်း လင်းနေပါတယ်” ဟု ထရန့်က ၎င်း၏ Truth Social တွင် ရေးသားခဲ့သည်။

“ရဟတ်ယာဉ်က ဘာကြောင့် အထက်ဘက်၊ အောက်ဘက်ကို မပျံတာလဲ။ ဘာကြောင့်ပြန်မလှည့်တာလဲ။ လေကြောင်းထိန်းမျှော်စင်ကလည်း မင်းတို့ လေယာဉ်ကို မြင်သလားလို့ မေးနေမယ့်အစား ရဟတ်ယာဉ် ဘာလုပ်ရမယ်ဆိုပြီး ဘာကြောင့် မပြောတာလဲ။ ဒါဟာ ကြိုတင်ဟန့်တားခဲ့သင့်တဲ့ဟာဖြစ်လို့ ဆိုးရွားတဲ့ အခြေအနေတစ်ရပ်ပါပဲ” ဟု ထရန့်က ရေးသားခဲ့သည်။

Most Read

Most Recent