ရွှေ့ပြောင်းနေထိုင်သူများအတွက် ငိုပြခဲ့သည့် ဆလီနာဂိုးမတ်ဇ်အား ထရန့်၏ လူဝင်မှုကြီးကြပ်ရေးအရာရှိ တုံ့ပြန်

ရွှေ့ပြောင်းနေထိုင်သူများအတွက် ငိုပြခဲ့သည့် ဆလီနာဂိုးမတ်ဇ်အား ထရန့်၏ လူဝင်မှုကြီးကြပ်ရေးအရာရှိ တုံ့ပြန်
Published 30 January 2025
Ref - BBC

ထရန့်အစိုးရလက်ထက် တရားမဝင်ရွှေ့ပြောင်းအခြေချသူများအား နှင်ထုတ်လာသည့်ကိစ္စကို အဆိုတော်၊ သရုပ်ဆောင် ဆလီနာဂိုးမတ်ဇ်က ငိုယ်ိုပြောထားသည့်ဗီဒီယို အင်စတာဂရမ်တွင် တက်လာပြီးနောက် ထရန့်၏လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန်ရုံးအကြီးအကဲ တွမ်ဟိုမန်က ပြန်လည်ဝေဖန်လိုက်သည်။

ဗီဒီယိုထဲတွင် မက္ကဆီကန်နွယ်ဖွားဂိုးမတ်ဇ်က “ကျွန်မရဲ့လူတွေအားလုံး တိုက်ခိုက်ခံနေရပြီ။ ကလေးတွေရောပဲ။ ကျွန်မအနေနဲ့  တစ်ခုခုလုပ်ပေးချင်ပေမဲ့ မတတ်နိုင်ဘူးဖြစ်နေတယ်” ဟု ငိုပြီးပြောထားသည်။

ထို့နောက် တွမ်ဟိုမန်က Fox News နှင့်အင်တာဗျူးတွင် ဂိုးမတ်ဇ်နှင့်အခြားအမြင်တူကိုင်စွဲထားသူများအား ရည်ညွှန်းကာ “တစ်ကယ်လို့ သူတို့မကြိုက်ရင် လွှတ်တော်ကိုသွားပြီး ဥပဒေကိုပြောင်းလိုက်ပေါ့။ ကျွန်တော်တို့ကတော့ ဒီစီမံချက်အတွက် တောင်းပန်စရာမရှိ” ဟု တုံ့ပြန်ခဲ့သည်။

နိုင်ငံတစ်ဝန်း ခိုးဝင်နေထိုင်နေသူများအား ဖမ်းဆီးနှင်ထုတ်ရန် ထရန့်၏အမိန့်ပေးညွှန်ကြားချက်ဖြင့် ဇန်နဝါရီ ၂၆ ရက်တစ်ရက်တည်းမှာပင် လူ ၉၅၆ ဦး ဖမ်းဆီးလိုက်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ရုံး ICE က ထုတ်ပြန်သည်။

ဂိုးမတ်ဇ်က ယင်းဗီဒီယိုကိုဖြုတ်ချပြီးနောက် “ကြည့်ရတာ လူချင်းစာနာကြည့်ပေးလို့တောင် အဆင်မပြေဘူးထင်တယ်” ဟု ပို့စ်ထပ်တင်သည်။ နောက်ပိုင်းယင်းပို့စ်ကိုပါ ပြန်ဖျက်လိုက်သည်။

အင်တာဗျူးတွင် ဟိုမန်က “တိုင်းပြည်ကောင်းဖို့ လုံခြုံဖို့ ဒါတွေကိုလုပ်နေတာပါ။ ရှေ့ဆက်ပြီးတော့လည်း လုပ်မှာပါ” ဟုပြောပြီး အများပြည်သူလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိသူများကိုသာ ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

Fox နှင့် နောက်တစ်ကြိမ်အင်တာဗျူးတွင် ဟိုမန်က “ရာဇဝတ်ဂိုဏ်းတွေရဲ့လက်ထဲရောက်လို့ လိင်ကုန်ကူးခံရပြီး ဒီကိုအပို့ခံရတဲ့ကလေး ငါးသိန်းလောက်ရှိတယ်။သူတို့အတွက် မျက်ရည်ကရော ဘယ်မလဲ” ဟု ဂိုးမတ်ဇ်အား ပြန်မေးခွန်းထုတ်ထားသည်။

ဂိုးမတ်ဇ်၏ပရိသတ်အများစုကမူ ဂိုးမတ်ဇ်ဘက်မှရပ်တည်ကာကွယ်ပြောပေးကြသည်။

ဆလီနာဂိုးမတ်ဇ်သည် အမေရိကန်အော်စကာဆုပေးပွဲ ဆန်ခါတင်စာရင်းဝင် Emilia Perez မှုခင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ပို့မင်းသမီးဆုလျာထားခံရသူများထဲ ပါမလာသော်လည်း၊ ဗြိတိန်အော်စကာဆုပေးပွဲ BAFTA အတွက် ဇာတ်ပို့မင်းသမီးဆု ဆန်ခါတင်ပါထားသည်။

Most Read

Most Recent