တရုတ်၏ AI နည်းပညာကို သတိထားရမည်ဖြစ်ကြောင်း ထရန့် ပြောကြား

တရုတ်၏ AI နည်းပညာကို သတိထားရမည်ဖြစ်ကြောင်း ထရန့် ပြောကြား
Published 28 January 2025
Ref: AFP

ကမ္ဘာပေါ်တွင် လူသုံးအများဆုံး AI chatbot တစ်ခုဖြစ်သည့် ChatGPT ကဲ့သို့ AI chatbot မော်ဒယ်တစ်ခုကို တရုတ်က ထုတ်လုပ်လိုက်သည့်အခြေအနေအား သတိထားရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က တရုတ်၏ AI နည်းပညာကုမ္ပဏီဖြစ်သည့် DeepSeek သည် ၎င်း၏ AI chatbot ကို ထုတ်ပြန်ပေးခဲ့သော်လည်း ထိုနေ့မှာပင် ထရန့်က ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်ခဲ့ခြင်းဖြစ်သဖြင့် DeepSeek သတင်းသည် မှေးမှိန်ခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ တရုတ်၏ AI နည်းပညာ၏ စွန်းဦးတီထွင်မှုတစ်ခုဖြစ်သည့် DeepSeek ကုမ္ပဏီ ၏ chatbot အက်ပလီကေးရှင်းသည် Apple ၏ US App Store ပေါ်ရှိ အခမဲ့ အသုံးပြုနိုင်သည့် အက်ပလီကေးရှင်းများထဲတွင် ChatGPT ကို ကျော်လွန်ပြီး download ဆွဲမှုအများဆုံး အက်ပလီကေးရှင်းတစ်ခုဖြစ်လာခဲ့သည်။

DeepSeek ကုမ္ပဏီကမူ ၎င်း၏ နောက်ဆုံးပေါ် မော်ဒယ်ဖြစ်သည့် R1 chatbot ကို ကုန်ကျစရိတ်နည်းပါးစွာဖြင့် ထုတ်လုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အခြားကုမ္ပဏီကြီးမားသည့် AI နည်းပညာအတွက် ငွေကြေးအများအပြားရင်းနှီးမြှုပ်နှံနေကြပြီး အထူးသဖြင့် Nvidia ကုမ္ပဏီ၏ စျေးအလွန်ကြီးသည့် ချစ်ပြားများနှင့် ဆော့ဖ်ဝဲအပေါ် မှီခိုနေကြသည်။

ထို့ကြောင့် DeepSeek ကုမ္ပဏီ၏ ကြေညာချက်သည် အမေရိကန်နည်းပညာလောကကို ဂယက်ရိုက်သွားစေခဲ့ပြီး နာမည်ကြီးနည်းပညာကုမ္ပဏီများသည် AI အတွက် ဒေါ်လာဘီလျံချီ ရင်းနှီးမြှုပ်နှံနေချိန်တွင် တရုတ်ကုမ္ပဏီတစ်ခုက နာမည်ကြီး chatbot များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှသည့် chatbot တစ်ခုကို စျေးနှုန်းသက်သာစွာဖြင့်ထုတ်လုပ်နိုင်စွမ်းရှိမှုကို မေးခွန်းများ ထွက်ပေါ်နေသည်။

ထရန့်ကမူ DeepSeek ကုမ္ပဏီ၏ AI chatbot သည် မိမိတို့ နည်းပညာလုပ်ငန်းများအတွက် သတိပေးနှိုးဆော်ချက်တစ်ခုဖြစ်သင့်ကြောင်း၊ အမေရိကန်နည်းပညာကုမ္ပဏီများအနေဖြင့် ငွေကြေးဘီလျံချီ သုံးစွဲနေခြင်းထက် အသုံးစရိတ်ကိုလျှော့ချပြီး တူညီသည့် အဖြေတစ်ခုကို ရှာတွေ့လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဇန်နဝါရီ ၂၇ ရက်က ပြောကြားခဲ့သည်။

Most Read

Most Recent