လူကြိုက်အလွန်များသော TikTok ကို အမျိုးသားလုံခြုံရေးအကြောင်းများဖြင့် ပိတ်ပင်ခဲ့သော ဥပဒေအတည်ဖြစ်ခဲ့သောကြောင့် TikTok အက်ပလီကေးရှင်းသည် ခဏတာရပ်သွားခဲ့ပြီးနောက် ဇန်နဝါရီ ၁၉ ရက်တွင် TikTok ကို အမေရိကန်ပြည်ထောင်စု၌ ပြန်လည်အသုံးပြုနိုင်ခဲ့သည်။
ရာထူးသက်တမ်းကုန်သွားပြီဖြစ်သော သမ္မတဂျိုးဘိုင်ဒင်၏အစိုးရအဖွဲ့က ပိတ်ပင်မှုမှန်သမျှကို အတင်းအကျပ်လုပ်ဆောင်မည်မဟုတ်ဟု စောစောပိုင်းတွင် ပြောကြားထားသည့်တိုင် ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့၏ပိတ်ပင်မှုကို ပြောင်းပြန်ဖြစ်သွားအောင် လုပ်ဆောင်ပေးသည့်အတွက် ရွေးကောက်ခံသမ္မတဒေါ် နယ်ထရန့်ကို TikTok က ချီးကျူးခဲ့သည်။
TikTok ၏ တရုတ်ပိုင်ရှင် ByteDance က တရုတ်နိုင်ငံသားမဟုတ်သော ဝယ်ယူသူများထံ TikTok ၏ အမေရိကန်လက်အောက်ခံလုပ်ငန်းကို ရောင်းချရန် နောက်ဆုံးသတ်မှတ်ချိန်နီးကပ်လာသည့် ဇန်နဝါရီ ၁၈ ရက် ညပိုင်းတွင် TikTok သည် အမေရိကန်ပြည်ထောင်စု၌ ပိတ်သွားခဲ့သည်။
ဇန်နဝါရီ ၁၉ ရက် စောစောပိုင်းတွင် တုန်လှုပ်နေသော အသုံးပြုသူ သန်းပေါင်းများစွာက TikTok သုံးမရအောင် ပိတ်ပင်ခံထားရသည်ကို ကြုံတွေ့ရသောကြောင့် ထရန့်က သဘောတူညီချက်ရရှိအောင် ဆောင်ရွက်ရာတွင် အချိန်ရစေရေးအတွက် ပိတ်ပင်မှုကို အချိန်ဆွဲထားမည့် သမ္မတအမိန့်ကို ထုတ်ပေးမည်ဟု ကတိပြုခဲ့သည်။
TikTok တွင် အမေရိကန်ပြည်ထောင်စုက ပိုင်ရှင်အဖြစ် ပါဝင်ရေးအတွက် ၎င်း၏ Truth Social တွင် တင်ခဲ့သော ပို့စ်၌လည်း ထရန့်က ဆော်သြခဲ့သည်။
ထရန့်က ၎င်းသည် ပူးတွဲပိုင်ဆိုင်မှုပုံစံအဖြစ် အမေရိကန်ပြည်ထောင်စုက ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်စေလိုသည်ဟု ပြောကြားခဲ့ပြီး TikTok ၏တန်ဖိုးသည် ဒေါ်လာဘီလျံ ရာချီထိုးတက်သွားနိုင်သောကြောင့် ထရီလျံအထိပင် ရောက်သွားနိုင်သည်ဟု ဆိုသည်။
“ဒီလို လုပ်ဆောင်လိုက်ခြင်းဖြင့် ကျွန်တော်တို့က TikTok ကို ကယ်လိုက်တာပါ။ TikTok ကို ကောင်းကောင်းမွန်မွန် စီမံပေးလိုက်တာဖြစ်ပါတယ်” ဟု ထရန့်က ရေးသားခဲ့သည်။ ထရန့်သည် ၎င်း၏ပထမသက်တမ်းတွင် TikTok ပိတ်ပင်မှုကို ထောက်ခံခဲ့သည်။
ထရန့်၏ပြောစကားများ ထွက်ပေါ်လာပြီးနောက် X တွင် တင်ခဲ့သော ထုတ်ပြန်ချက်၌ TikTok က ၎င်းတို့သည် ဝန်ဆောင်မှုပြန်ပေးရန် ဆောင်ရွက်နေသည်ဟု ဖော်ပြခဲ့သည်။
“အမေရိကန်ပြည်သူသန်း ၁၇၀ ကျော်ကို TikTok ဝန်ဆောင်မှုပေးနေတဲ့သူတွေ ပြစ်ဒဏ်ရင်မဆိုင်ရအောင် လိုအပ်တဲ့ ရှင်းလင်းမှုနဲ့ အာမခံမှုတို့ကို ပံ့ပိုးပေးတဲ့အတွက် သမ္မတထရန့်ကို ကျေးဇူးတင်ပါတယ်” ဟု TikTok က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းတွင် အမေရိကန်ပြည်ထောင်စု၌ ပြန်လည်အသုံးပြုနိုင်ခဲ့သော TikTok က TikTok ပိုင်ဆိုင်မှုတွင် အမေရိကန်တစ်ဝက်ပါဝင်ရေးအတွက် ထရန့်၏ တောင်းဆိုချက်ကို ရှင်းလင်းဖော်ပြထားခြင်းမရှိပေ။
ယခုဖြစ်ရပ်သည် TikTok အတွက် နိုင်ပွဲကြီးဖြစ်ပြီး ထရန့်အတွက် နိုင်ငံရေးဆိုင်ရာအောင်ပွဲဖြစ်သည်ဟု Wedbush Securities ၏လေ့လာဆန်းစစ်သူ ဒန်အိုက်က ပြောသည်။















