နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Maxim RYZHEN တို့ နေပြည်တော်တွင် တွေ့ဆုံ၍ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Maxim RYZHEN တို့သည် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ စက်မှုကဏ္ဍများနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် အခြားနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးကိစ္စရပ်များ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာတော်သင်များ စေလွှတ်နိုင်ရေးကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာကံဇော်နှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး H.E.Mr.Hladzimir BARAVI၊ ဘယ်လာရုစ်နိုင်ငံ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဆိုင်ရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E.Mr.Maxim RYZHEN တို့ ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး၊ ဘယ်လာရုစ် စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဘယ်လာရုစ်တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်နှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု (၂၅) နှစ် ပြည့်မြောက်ခဲ့သည့် အခါသမယ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များတွင် အောင်မြင်မှုများရရှိခဲ့သည့်အခြေအနေ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ပညာရေးနှင့် ကာကွယ်ရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Maxim RYZHENKOV ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဇန်နဝါရီ ၉ ရက် နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရန်အတွက် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့် စာလွှာလက်မှတ်ရေးထိုးရေးကိစ္စ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့် ပူးပေါင်းဆောင်ရွက်မည့်နယ်ပယ်များဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နိုထွက်ပစ္စည်းကဏ္ဍ၊ တန်ဖိုးမြှင့်လူသုံးကုန်၊ စားကုန်ထုတ်လုပ်ရေးကဏ္ဍ၊ လျှပ်စစ်၊ စက်မှု၊ မော်တော်ယာဉ်ထုတ်လုပ်ရေး ကဏ္ဍနှင့်ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်း ထုတ်လုပ်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ သီလဝါအထူးစီးပွားရေး ဇုန်တွင် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ အခွင့်အ လမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဘယ်လာရုစ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးမူဝါဒများကျင့်သုံးရာတွင် နှစ်ဖက်အပြန်အလှန်အကျိုးရှိသော ကုန်သွယ်၊ စီးပွားမူဝါဒများကို ကျင့်သုံးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၌ လာရောက်ရင်း နှီးမြှုပ်နှံရေး၊ သဘာဝဓာတ်ငွေ့မှ ဓာတ်မြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများ ထုတ်လုပ်ရာတွင် လူသုံးဆေးဝါးအပြင် တိရစ္ဆာန်ကုသရေးဆိုင်ရာ ဆေးဝါးများ ထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီအစည်းအဝေး ကျင်းပနိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် နည်းပညာများ လွှဲပြောင်းနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေး နွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရန် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့် စာလွှာကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်နှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် မစ္စတာဒမစ်ထရီမီရွန် ချစ်ခ်တို့က လက်မှတ်တို (Initial) ရေးထိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။















