စိုးလင်းဦး၊ သန့်ဇင်တို့ ပါဝင်ထိုးသတ်မည့် ONE-170 ပြိုင်ပွဲအတွက် လက်မှတ်များ ရောင်းကုန်ပြီဟု သတင်းထုတ်ပြန်

စိုးလင်းဦး၊ သန့်ဇင်တို့ ပါဝင်ထိုးသတ်မည့် ONE-170 ပြိုင်ပွဲအတွက် လက်မှတ်များ ရောင်းကုန်ပြီဟု သတင်းထုတ်ပြန်
Photo: ONE
Photo: ONE
Published 11 November 2024

မြန်မာဖိုက်တာများဖြစ်သည့် စိုးလင်းဦး၊ သန့်ဇင်တို့ ပါဝင်ထိုးသတ်မည့် ONE-170 ပြိုင်ပွဲအတွက် လက်မှတ်များ ရောင်းကုန်ပြီဟု ONE Lumpinee FC က သတင်းထုတ်ပြန်ခဲ့သည်။

ONE Championship ပရိုမိုးရှင်းသည်  ONE-170 ပြိုင်ပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena အားကစားရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ONE Championship ပရိုမိုးရှင်းသည်  ONE-170 ပြိုင်ပွဲတွင် ပါဝင်မည့်တွဲဆိုင်းများကို တဖြည်းဖြည်းထုတ်ပြန်နေလျက်ရှိပြီး လက်ရှိတွင် တွဲဆိုင်း ၅ ဆိုင်း အတည်ပြုထုတ်ပြန်ထားပြီးဖြစ်သည်။

ထုတ်ပြန်ထားသည့် တွဲဆိုင်း ၅ ဆိုင်းမှာ မွေထိုင်းဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ထိုင်းဖိုက်တာနှစ်ဦးဖြစ်သည့် တာဝမ်ချိုင်းနှင့် စူပါဘွန်း၊ မွေထိုင်းဘင်တန်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ထိုင်းဖိုက်တာ စူပါလတ်ခ်နှင့် စကော့တလန်ဖိုက်တာ နီကို၊ ဘင်မ်တမ်ဝိတ် MMA ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ဘရာဇီးလ်ဖိုက်တာ အန်ဒရာဒီ နှင့် တောင်ကိုရီးယားဖိုက်တာ ဝန်အီး၊ Catchweight (၁၄၂ ပေါင်) မွေထိုင်းစိန်ခေါ်ပွဲအဖြစ် ထိုင်းနာမည်ကြီးဖိုက်တာ ဆက်ဆန်နှင့် မြန်မာနာမည်ကြီးဖိုက်တာ စိုးလင်းဦး၊ Catchweight (၁၃၄ ပေါင်) မွေထိုင်းစိန်ခေါ်ပွဲအဖြစ် ထိုင်းနာမည်ကြီးဖိုက်တာ ဆူရီရန်လက် နှင့် မြန်မာလူငယ်ဖိုက်တာ သန့်ဇင်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

ထိုင်းနာမည် ကြီးမွေထိုင်းဖိုက်တာ ဆက်ဆန်သည် ONE Championship တွင် ၁၀ ပွဲအထိ ထိုးသတ်ထားပြီး ၉ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားကာ ၈ ပွဲ ဆက်တိုက် အနိုင်ရထားသူဖြစ်သည်။

စိုးလင်းဦးသည် ONE Championship တွင် ၄ ပွဲ ထိုးသတ်ထားပြီး ၃ ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။

စိုးလင်းဦးသည် ONE Championship နှင့် လက်တွဲပြီးနောက်  ၃ ပွဲဆက်တိုက် အနိုင်ရခဲ့၍ ဒေါ်လာတစ်သိန်းတန်စာချုပ် ချုပ်ဆိုခံခဲ့ရသည်။

စိုးလင်းဦးသည် စာချုပ်ရရှိပြီး ပထမဆုံးပွဲအဖြစ် စက်တင်ဘာအတွင်းက ထိုင်းဖိုက်တာ နာဘေးလ်နှင့် ထိုးသတ်ခဲ့ရာ အမှတ်ဖြင့်အရေးနိမ့်ခဲ့သည်။

သန့်ဇင်သည် ONE Championship နှင့် လက်တွဲအပြီး (၃)ပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။