အမေရိကန်၏ B_52 ဗုံးကြဲလေယာဉ်များ အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိပြီဖြစ်ကြောင်း အမေရိကန်စစ်တပ် ပြောကြား

အမေရိကန်၏ B_52 ဗုံးကြဲလေယာဉ်များ အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိပြီဖြစ်ကြောင်း အမေရိကန်စစ်တပ် ပြောကြား
အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ်တစ်စင်း ပျံသန်းနေပုံကို တွေ့ရစဉ်(Photo:USAF)
အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ်တစ်စင်း ပျံသန်းနေပုံကို တွေ့ရစဉ်(Photo:USAF)
Published 3 November 2024

အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ်များသည် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိပြီဖြစ်ကြောင်း အမေရိကန်စစ်တပ်က နိုဝင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

အီရန်ကို သတိပေးရန် ဗုံးကြဲလေယာဉ်များ ဖြန့်ကြက်ချထားမည်ဟု အမေရိကန်က ကြေညာခဲ့ပြီးနောက် ထိုလေယာဉ်များ ရောက်ရှိလာခြင်းဖြစ်သည်။

“မီနော့ လေတပ်စခန်းရဲ့ အမှတ် ၅ ဗုံး ကြဲလေယာဉ်အုပ်စုက B-52 Statofortress မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေဟာ  အမေရိကန်ဗဟိုစစ်ဌာနချုပ် တာဝန်ယူထားတဲ့ နေရာဒေသကို ရောက်ရှိလာခဲ့ပါပြီ”ဟု အရှေ့အလယ်ပိုင်းနှင့် အနီးတစ်ဝိုက်ရှိ နိုင်ငံများကို စစ်ရေးအရ တာဝန်ယူကိုင်တွယ်ရသည့် ဗဟိုစစ်ဌာနချုပ်က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသသို့ ပဲ့ထိန်းဒုံး ကျည်ကာကွယ်သည့် ဖျက်သင်္ဘောများ၊ လောင်စာဆီတင်လေယာဉ်များ၊ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များ စေလွှတ်နေကြောင်း အမေရိကန်က နိုဝင်ဘာ ၁ ရက်တွင် ကြေညာခဲ့သည်။

အီရန်၊ သူ့မိတ်ဖက်တွေ ဒါမှမဟုတ် သူ့လက်အောက်ခံတွေဟာ လက်ရှိအခြေအနေကို အသုံးချပြီး ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်မှုထမ်းတွေ ဒါမှမဟုတ် အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားမယ် ဆိုရင် အမေရိကန်က မိမိတို့လူတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ နည်းလမ်းမှန်သမျှကို လုပ်ဆောင်သွားမှာပါ ”ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပက်ရိုက်ဒါက ဗုံးကြဲလေယာဉ်များ စေလွှတ်မှုနှင့်ပတ်သက်ပြီး ကြေ ညာချက် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၂၆ ရက်က အစ္စရေးသည် အီရန်နိုင်ငံအတွင်းရှိ စစ်ရေးအခြေခံ အဆောက်အအုံများကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီကမူ အစ္စရေး၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။

အစ္စရေးသည် ဧပြီလအတွင်းက ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်ရှိ အီရန် ကောင်စစ်ဝန်ရုံးကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလတွင်လည်း အီရန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ယခုနှစ်အတွင်း အစ္စရေးသည် အီရန်ကို အကြီးစားတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်။

အီရန်ကမူ အရှေ့အလယ်ပိုင်းရှိ ၎င်းတို့ ကျောထောက်နောက်ခံပေးထားသည့် လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း အစ္စရေးသည် ဂါဇာရှိ ဟားမာ့စ်အဖွဲ့ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့များနှင့် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၂ ရက်တွင် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းကို ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့သည်။ ဂါဇာမြောက်ပိုင်း၌ အခြေအနေများသည် ဆိုးရွားလွန်းနေသည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။

ဟစ်ဇ်ဘိုလာကလည်း အစ္စရေး၏ ကူးသန်းရောင်းဝယ်ရေး အချက်အခြာ တဲလ်အဗစ်မြို့အနီးကို ရော့ကတ်ဖြင့် တိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

Ref:AFP

                                                         

Most Read

Most Recent