အပူပိုင်းမုန်တိုင်း “ကောင်းရေး” သည် ရှန်ဟိုင်းနှင့် တရုတ်၏ကမ်းရိုးတန်းမြို့များကို ခြိမ်းခြောက်လျက်ရှိ

အပူပိုင်းမုန်တိုင်း “ကောင်းရေး” သည် ရှန်ဟိုင်းနှင့် တရုတ်၏ကမ်းရိုးတန်းမြို့များကို ခြိမ်းခြောက်လျက်ရှိ
နိုဝင်ဘာ ၁ ရက်က ထိုင်ဝမ်ကျွန်း ယိလန်မြို့ရှိ ရှီချန်းဘူတာရုံတစ်ဝိုက်တွင် အလုပ်သမားများက အပျက်အစီးများကို ရှင်းလင်းနေစဉ်(Photo:AFP)
နိုဝင်ဘာ ၁ ရက်က ထိုင်ဝမ်ကျွန်း ယိလန်မြို့ရှိ ရှီချန်းဘူတာရုံတစ်ဝိုက်တွင် အလုပ်သမားများက အပျက်အစီးများကို ရှင်းလင်းနေစဉ်(Photo:AFP)
Published 1 November 2024

တိုင်ဖွန်းမုန်တိုင်း ကောင်းရေးသည် အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့ပြီး နိုဝင်ဘာ ၁ ရက်တွင် ရှန်ဟိုင်းနှင့် တရုတ်အရှေ့ပိုင်း နေရာအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် လေပြင်းများ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။

ကောင်းရေးသည် ယမန်နေ့က တိုင်ဖွန်းပြင်းအားဖြင့် ထိုင်ဝမ်ကျွန်းကို ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး သစ်ပင်များ လဲကျကာ မြေပြိုမှုများ  ဖြစ်ပွားခဲ့ကာ လူနှစ်ဦးသေဆုံးပြီးနောက်ထပ် လူ ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလုပ်သမားများနှင့် ဒေသခံများသည် လဲကျနေသော သစ်ပင်များနှင့် အပျက်အစီးများကို ရှင်းလင်းနေချိန်တွင် ယာဉ်မောင်းတစ်ဦးက ၎င်း၏ထိတ်လန့်ဖွယ် အဖြစ်အပျက်တစ်ခုကို ပြန်ပြောင်းပြောပြခဲ့သည်။ သူသည်တိုင် ပေမြို့တော်တွင် အောက်တိုဘာ ၃၁ ရက် ညအချိန်က ကားမောင်းနေချိန် သစ်ပင်ကြီးတစ်ပင် လဲကျလာကာ ၎င်းမော်တော်ယာဉ်၏ ခရီးသည်နေရာသို့ ပိကျခဲ့ပြီးနောက် သူသည်ကားအတွင်း ပိတ်မိနေခဲ့သည်ဟု ဆိုသည်။

ထိုင်ဝမ်ကျွန်း ဟွာလီယန်ကမ်းရိုးတန်း ပြည်နယ်အာဏာပိုင်များက ၎င်းတို့သည် ပျောက်ဆုံးနေသည်ဟု ယူဆထားသည့်ချက် သမ္မတနိုင်ငံမှ အတွဲတစ်တွဲနှင့် အဆက်အသွယ် ပြန်လည်ရရှိခဲ့သည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးသည် တာရိုကိုအမျိုးသား ဥယျာဉ်အတွင်း တဲထိုးစခန်းချ နေထိုင်ခဲ့ခြင်းဖြစ်ပြီး အခြေအနေကောင်းမွန်ကြောင်း Central News သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယား အမည်ဖြစ်သည့် ကောင်းရေးမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၅၂ မိုင်ဖြင့် တရုတ်ကမ်းရိုးတန်တစ်လျှောက် အရှေ့မြောက်ပိုင်းသို့ ဦးတည်ခဲ့ကာ ကျန်းရှန်းပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ပြီးနောက် ပင်လယ်ဘက်သို့ ဆက်လက်ဦး တည်သွားနိုင်ကြောင်း အမျိုးသားမိုးလေဝသ စင်တာက ထုတ်ပြန်ထားသည်။

မုန်တိုင်းဖြတ်သန်းမည့် လမ်းကြောင်းတွင် ရှန်ဟိုင်းမြို့အပြင် ကျန်းရှန်းနှင့် ကျန်းဆုပြည်နယ်၏ နေရာအချို့အပေါ် သက်ရောက်နိုင်မည်ဟု ခန့်မှန်းထားပြီး အချို့နေရာများတွင် မိုးရေချိန် ၁၀ မှ ၁၂ စင်တီမီတာအထိရှိ လာနိုင်မည်ဟု ဆိုသည်။

ကျန်းရှန်းနှင့် အိမ်နီးချင်း ဖူဂျီရန်ပြည်နယ်တို့တွင် မုန်တိုင်းမလာမီ ကူးတို့ပြေးဆွဲမှု လမ်းကြောင်းအများအပြားကို ဆိုင်းငံ့ထားသည်။

တိုင်ပေမြို့တော်တွင် နိုဝင်ဘာ ၁ရက်က မိုးအနည်းငယ်ရွာသွန်းပြီး ကျွန်းတစ်ဝန်းရှိ စာသင်ကျောင်းများနှင့် ရုံးများကို ပြန်လည် ဖွင့်လှစ်ခဲ့သည့်အပြင် အများပြည်သူ့ ဝန်ဆောင်မှုအများစုကို ပြန်လည်လုပ်ဆောင်ခဲ့သည်။

တိုင်ဖွန်းသည် ယခုသီတင်းပတ်အစောပိုင်းက ဖိလစ်ပိုင်မြောက်ပိုင်းကို ဖြတ်သန်းခဲ့သည်။ဖိလစ်ပိုင်သည် လွန်ခဲ့သည့် သီတင်းပတ်က လူ ၁၄၅ ဦးထက်မနည်း သေဆုံးစေခဲ့သည့် အပူပိုင်းမုန်တိုင်း ထရာမီဝင်ရောက် တိုက်ခတ်ပြီးနောက် ရက်အနည်းငယ်အကြာတွင် တိုင်ဖွန်းကောင်းရေးနှင့် ထပ်မံကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

တရုတ်၏ ဟိုင်နန်ပြည်နယ်တွင် ထရာမီမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး လူခုနစ်ဦး သေဆုံးခဲ့သည်။

ကျောက်ဖြစ်ရုပ်ကြွင်းများကို မီးရှို့မှု ကြောင့် ပြောင်းလဲလာသော ရာသီဥတု အခြေအနေကြောင့် ကမ္ဘာကြီးသည် ပိုမိုပူနွေးလာပြီး မုန်တိုင်းများသည် ပိုမိုအင်အားပြင်းလာကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

ပိုမိုပူနွေးသော သမုဒ္ဒရာမျက်နှာပြင်များသည် ရေငွေ့များကို ပိုမိုထုတ်လွှင့်ပြီး ယင်းသည် မုန်တိုင်းများအတွက် နောက်ထပ်စွမ်းအင်ကို ထောက်ပံ့ပေးကာ လေတိုက်နှုန်းကို ပိုမိုအင်အား ပြင်းထန်လာစေသည်။

ပူနွေးသည့် လေထုသည် မုန်တိုင်းများအား ရေများကို ပိုမိုထိန်းသိမ်း ခွင့်ပြုထားသောကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကို ပိုမိုမြှင့်တင်ပေးသည်။                        

Ref:AFP