ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄) သင်တန်းတက်ရောက်ခဲ့သူများ သင်တန်းဆင်း

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄) သင်တန်းတက်ရောက်ခဲ့သူများ သင်တန်းဆင်း
Published 26 October 2024

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄) သင်တန်းတက်ရောက်ခဲ့သူများသည် (အောက်တိုဘာ ၂၅ ရက်)တွင် သင်တန်းဆင်းပြီဖြစ်ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ အခမ်းအနားများကို (အောက်တိုဘာ ၂၅ ရက်)နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းကျောင်းများအလိုက် သင်တန်းဆင်း ထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေး ပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအမှာစကားများ ပြောကြားကြကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄)မှ သင်တန်းဆင်း စစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄)ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြ ဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်များကို လည်းကောင်း၊ စစ်နည်းဗျူဟာဘာသာရပ်ကို လည်းကောင်း စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြား လေ့ကျင့်ခဲ့ကြပြီး စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေး ဘာသာ ရပ်နှင့် အထွေထွေဘာသာရပ်များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့် လေ့ကျင့်သင်ကြားခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံသားများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။

ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာလုပ်ကိုင် ဆောင်ရွက်တတ် သည့် အလေ့အကျင့်များ(TeamWork)ရရှိခဲ့ပြီး နိုင်ငံချစ်စိတ်(Nationalism)၊ မျိုးချစ်စိတ်(Patriotism)၊ အဖွဲ့အစည်းစိတ်(Team Sprit)၊ ရဲဘော်ရဲဖက်စိတ်(esprit de corps) အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက်၍ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent