ရမည်းသင်းမြို့ သပြေပင်ကျေးရွာတွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

ရမည်းသင်းမြို့ သပြေပင်ကျေးရွာတွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်
Published 16 September 2024

" ရေလည်းလာရော ကမ်းပါးယံဖက်တက်တာ ဖက်တက်တဲ့ ကမ်းပါးယံ ပြိုကျပြီးတော့ ရှစ်ယောက်လုံး သေသွားတယ်။ ကျွန်တော်တို့ မပြောနဲ့ အဲ့ဒီနားက ရွာဘက်တွေမှာနေတဲ့ သက်ကြီးရွယ်အိုတွေ

ပြောတာတော့ ဒါမျိုးတခါမှ မကြုံဖူးဘူးလို့ပြောတယ်"

စက်တင်ဘာ ၁၁ ရက် ညပိုင်းတွင် မိုးရွာသွန်းမှုကြောင့် မိုးထိမိုးမိရွှေလုပ်ကွက်များရှိသည့် ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာမှာ ရေကြီးမြေပြိုပြီး ရွာလုံးကျွတ် ပျောက်ကွယ်ခဲ့ရသည်။

လူဦးရေ ရာချီပြီး အိမ်ခြေပေါင်း ၄၀၀ ကျော်ရှိခဲ့သည့် သပြေပင်ကျေးရွာမှာ ညတွင်းချင်းမှာပင် တောင်ပေါ်က ကျလာသည့်ရေများနှင့်အတူ ရွှံ့နွံများအောက်တွင် ပျောက်ကွယ်ခဲ့သည်။

ယင်းအခြေအနေများနှင့် ပတ်သက်ပြီး သပြေပင်ကျေးရွာဒေသခံတစ်ဦးဖြစ်သည့် ကိုသိန်းလွင်နှင့် The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။     ။ အခင်းဖြစ်တဲ့ ညပိုင်းအခြေအနေလေးကို ပြောပြပေးပါခင်ဗျာ။

ဖြေ။     ။ အဲ့ဒီည ၉ နာရီကျော်လောက်ကဖြစ်တာပေါ့။ အကုန်လုံးကလည်း အနားယူတဲ့အချိန်ဖြစ်နေတယ်။ မိုးက ညနေလောက်ကတည်းက ရွာနေတာ။ ညဘက်ကျတော့ ရေက စကျလာပြီ။ ပြီးတော့ ရေက ဝုန်းဆိုကျလာတာပဲ။ အဲ့ဒီအချိန် လူတွေကလည်း ရုန်းကန်ပြီးတော့ ပြေးတဲ့သူက ပြေးပေါ့။ မလွတ်တဲ့သူလည်း မလွတ်ဘူး။ လွတ်တဲ့သူလည်း လွတ်တယ်။ ဖြစ်တဲ့အချိန်ကလည်း လူတွေ အနားယူတဲ့အချိန်ကြီးဖြစ်နေတယ်။ လူတွေစပြီး အိပ်ခါစအချိန်ဖြစ်သွားတယ်။

မေး။    ။ သပြေပင်မှာက လူဦးရေ ဘယ်လောက်လောက်များရှိလဲ။

ဖြေ။    ။ ကျွန်တော်တို့ကတော့ ဟိုလိုတော့ မသိဘူး။ အိမ်ခြေကတော့ ၄၅၀၊ ၅၀၀ ပတ်ချာလည် လောက်ရှိတယ်။ ရွာကြီးပေါ့။ အလယ်တန်းကျောင်းတွေဘာတွေလည်းရှိတယ်။

မေး။    ။ သပြေပင်မှာဖြစ်သွားတာ ဘယ်လောက်များ လူတွေ ထိခိုက်ပျက်စီးခဲ့လဲ။

ဖြေ။    ။ လူ ၃၀ ကျော်လောက်တော့ ပျက်စီးသွားနိုင်တယ်။ တချို့ကျတော့လည်း အရှင်ပြန်တွေ့ရတယ်။ တချို့ကျတော့လည်း အလောင်းပြန်ရတယ်။ သေတာနဲ့ ပျောက်တာဆို ၃၀ လောက်တော့ရှိနိုင်တယ်။

မေး။   ။ အခုရော ဘယ်လိုပုံစံများ နေထိုင်နေကြရသလဲခင်ဗျ။

ဖြေ။   ။ အခုကတော့ ပျောက်နေတဲ့ သူတွေလည်း ရှာနေရတာပေါ့။ ပျောက်နေတဲ့ ပစ္စည်းတွေလည်းရှာပေါ့။ အခု ကယ်ဆယ်ရေးအဖွဲ့တွေကလည်း တော်တော်များများပါပဲ။ ကူညီနေကြတယ်။ အခုကတော့ စားဝတ်နေရေးအတွက် ကူညီနေကြတယ်။ အဲ့ဒါပြီးရင် နေမှုထိုင်မှုအတွက်ပေါ့။ အဲ့ဒါပြီးတော့မှ လုပ်ငန်းအတွက် ပြန်လုပ်ရမှာပေါ့။ အဲဒီမှာက ရွှေရှာတဲ့အလုပ်တစ်ခုပဲ ရှိတာလေ။ အခုအိမ်တွေမြုပ်ကုန်တာလည်း လုပ်ငန်းရှင်တွေချည်းပဲ အများစုဖြစ်ကုန်တာ။ ကျန်တဲ့လက်လုပ်လက်စားတွေကတော့ တောင်စောင်းမှာနေတာဆိုတော့ သိပ်မပါဘူး။

မေး။   ။ အဲ့ဒီမှာ မြေပြိုရေကြီးတော့ မိသားစုလိုက် သေဆုံးတာတွေရှိတယ်လို့ သိရတယ်။ အဲ့ဒါလေးတွေလည်း ပြောပြပေးပါဦး။

ဖြေ။   ။ မိသားစုလိုက် ဆုံးသွားတာတွေက တစ်နှစ်ကျော် ကလေးလေးဆိုရင် မိသားစုလိုက် ဆုံးပါးသွားတာ။ ရေကြီးမြေပြိုတာတွေဖြစ်ပြီး မနက်ပိုင်းကျတော့ လူတွေလိုက်ရှာကြတာ။ အဲ့ဒီမှာ ကလေးက ဟိုဆွဲဒီဆွဲ ဆွဲနေတော့ လူတွေက မြင်လိုက်တာ။ လူတွေက သွားဖော်လိုက်တော့ သူ့အဖေက လက်နဲ့ရင်ဘတ်ကို ထောက်ထားတာ။ အဖေက အပေါ်ကနေ သူ့ ခန္ဓာကိုယ် ကိုယ်နဲ့ ကာထားတာ။ အောက်မှာက ကလေးလေး။ အပြင်ကို ထုတ်လိုက်တော့ ကလေးလေးလည်း အခြေအနေမကောင်းဘူး။ တညလုံး မိုးရေထဲမှာ နေနေရတော့ ကယ်ပြီးသိပ်မကြာခင်မှာပဲ ဆုံးသွားတယ်။ သူ့အမေကတော့ ရေနဲ့ပါသွားတာ အခုထိ မတွေ့သေးဘူး။ အဲ့ဒါက သားအမိ၊ သားအဖ သုံးယောက်လုံးပေါ့။ ပြီးတော့ သူ့အစ်မတစ်ယောက်ရှိတယ်။ ဆံပင်က တံခေါက်လောက်ရှိတယ်။ သူလည်းပါသွားတယ်။ တချို့က ဆံပင်နဲ့ငြိပြီး ကျန်နေတယ်ပြောလို့ သွားကြည့်တော့လည်း မဟုတ်ဘူး။ တချို့မိသားစုတွေဆို တစ်ယောက်လောက်ပဲကျန်တယ်။ ကင်းရွာဘက်မှာတော့ ကလေးလေးတစ်ယောက်ကို ကယ်လိုက်နိုင်တယ်။ အဲ့ဒီကလေးတောင် ပါးစပ်တွေ၊ နှာခေါင်းတွေက သဲတွေရွှံ့တွေကို မနည်းပြန်ထုတ်ရတယ်လို့ ပြောတယ်။ ကျွန်တော်တို့အခေါ် ထိုက်စံရပ်ကွက်ပေါ့။ အဲ့ဒါကျတော့ မိသားစုရှစ်ယောက်ပေါ့။ ရေလည်းလာရော ကမ်းပါးယံဖက်တက်တာ ဖက်တက်တဲ့ ကမ်းပါးယံ ပြိုကျပြီးတော့ ရှစ်ယောက်လုံး သေသွားတယ်။ ကျွန်တော်တို့ မပြောနဲ့ အဲ့ဒီနားက ရွာဘက်တွေမှာနေတဲ့ သက်ကြီးရွယ်အိုတွေ ပြောတာတော့ ဒါမျိုးတခါမှ မကြုံဖူးဘူးလို့ပြောတယ်။

မေး။    ။ တောင်ကျရေကြောင့် ဖြစ်သွားတာပေါ့။ ဖြစ်စဉ်က။

ဖြေ။    ။ အဲ့ဒီလိုပဲ ပြောရမှာပေါ့။ မိုးကလည်း အရမ်းကြီး သည်းတာမဟုတ်ဘူး။ အဲ့ဒီနေ့ စွေနေတာ။ စွေနေရင်းနဲ့မှ တောင်တွေကပြိုတော့ ချောင်းတွေဘာတွေ ပိတ်ရော။ မနိုင်တဲ့အခါကျမှ ဝေါကနဲ ထိုးကျလာတဲ့သဘောပေါ့။

မေး။   ။ တခြားဘာများပြောချင်ပါသေးလဲခင်ဗျ။

ဖြေ။   ။ အခုကတော့ လာလှူတဲ့သူတွေလည်းရှိတယ်။ စားစရာသောက်စရာတွေပေါ့။ သူတို့လှူတာပဲ ကိုယ်ကလက်ခံရတာပေါ့။ သူတို့ကိုလည်း သွားပြောလို့တော့ မရဘူးပေါ့။ လိုတာက စောင်တို့၊ ခြင်ထောင်တို့ပေါ့။ ကျွန်တော်တို့ဆိုရင် တောစီးဘွတ်နဲ့ ဝတ်ထားတဲ့ ဘောင်းဘီတိုနဲ့ ပြေးရတာ။ ဘာမှကို မယူနိုင်ဘူး။ ကိုယ်လွတ်ရုန်းရတာပေါ့။ အခုက စားစရာသောက်စရာ အဓိကထားလှူကြတာ။ အဲ့ဒါတွေကတော့ တော်တော်လေး ပြည့်စုံတယ်လို့ ပြောလို့ရတာပေါ့။ လိုအပ်တာက ခြင်ထောင်တို့၊ စောင်တို့၊ ပွိုင့်ဖိနပ်တို့၊ မိုးကာတို့ အဲ့ဒါမျိုးတွေ လိုအပ်တယ်။

Most Read

Most Recent