ရော်နယ်လ်ဒို၏သွင်းဂိုးများက ဆော်ဒီလိဂ်အရည်အသွေးကို သက်သေပြခဲ့ကြောင်း ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ရူဘင်နယ်ဗီးစ် မှတ်ချက်ပြု

ရော်နယ်လ်ဒို၏သွင်းဂိုးများက ဆော်ဒီလိဂ်အရည်အသွေးကို သက်သေပြခဲ့ကြောင်း ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ရူဘင်နယ်ဗီးစ် မှတ်ချက်ပြု
Photo: The Mirror
Photo: The Mirror
Published 11 September 2024

 

ယခုနိုင်ငံတကာရက်သတ္တပတ်တွင် ပေါ်တူဂီအသင်းအတွက် နှစ်ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့သည့် စီရော်နယ်လ်ဒို၏သွင်းဂိုးများက ဆော်ဒီလိဂ်အရည်အသွေးကို သက်သေပြခဲ့ကြောင်း အယ်လ်ဟီလာအသင်းတွင် ကစားနေသည့် ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ရူဘင်နယ်ဗီးစ်က မှတ်ချက်ပြုခဲ့သည်။

ဆော်ဒီလိဂ်၏အဆင့်အတန်းနှင့် ပတ်သက်ပြီး နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းအပါအဝင် အခြားသောဝေဖန်မှုများကြောင့် နယ်ဗီးစ်က ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ 

ဆော်ဒီပရိုလိဂ်တွင် ကစားနေသော်လည်း အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သူ လက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို၏ သက်ရောက်မှုအကြောင်း မေးမြန်းမှုအပေါ် နယ်ဗီးစ်က "ဒီလူတွေ(ဝေဖန်သူ)ကို ဆော်ဒီဘောလုံးကို စောင့်ကြည့်ဖို့ ဖိတ်ကြားပါတယ်။ ဒါကို ကျွန်တော် အရင်ကလည်း တစ်ခါနှစ်ခါ ပြောခဲ့ပြီးသားပါ။ အင်္ဂလိပ်ဘောလုံးကနေ ဆော်ဒီဘောလုံးမှာကစားတဲ့ ကျွန်တော့်ရဲ့ GPS Data ကို နှိုင်းယှဉ်မယ်ဆိုရင် ပိုတောင် ပြေးခဲ့ရပါတယ်။ ခြားနားချက်ကတော့ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယက်စ်မှာ ပြေးခဲ့ရတာ ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ကောင်းမွန်တဲ့ပုံစံမှာ ရှိပါတယ်။ ဆော်ဒီဘောလုံးရဲ့အရည်အသွေးကို ခရစ္စတီယာနိုနဲ့ ကျွန်တော်တို့ နှစ်ဦးစလုံး သက်သေပြခဲ့ပါတယ်"ဟု နယ်ဗီးစ်က ပြောကြားခဲ့သည်။  

ထို့ပြင် စီရော်နယ်လ်ဒို၏ ဂိုး ၁၀၀၀ ရည်မှန်းချက်အတွက် နယ်ဗီးစ်က ခရစ္စတီယာနိုအနေဖြင့် မဖြစ်နိုင်စရာမရှိကြောင်းလည်း သုံးသပ်သွားခဲ့သည်။ စီရော်နယ်လ်ဒိုသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုးပေါင်း ၉၀၁ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်သည်။

Most Read

Most Recent