မန္တလေးမြို့တွင် ကျပ် ၄၁၈ ဒသမ ဝ၄၆ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

မန္တလေးမြို့တွင် ကျပ် ၄၁၈ ဒသမ ဝ၄၆ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
Published 26 June 2024

၃၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် ကျပ် ၄၁၈ ဒသမ ဝ၄၆ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ လေယာဉ်ကွင်းဟောင်းတွင် ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက် နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် မူးယစ်ဆေးဝါးအမျိုးအစား ၁၃ မျိုး၊ စိတ်ပြောင်းဆေးဝါး ရှစ်မျိုး၊ ထိန်းချုပ်ဓာတုပစ္စည်း ၁၀ မျိုး၊ အခြားဆက်စပ်ဓာတုပစ္စည်း ၁ဝ မျိုး၊ စုစုပေါင်း ၄၁ မျိုး၊ အမှုအရေအတွက် ၁၉၄၉ မှု၊ တန်ဖိုးအားဖြင့် ကျပ် ၄၁၈ ဒသမ ၀၄၉၄ ဘီလျံ (အမေရိကန်ဒေါ်လာသန်းပေါင်း ၁၂၅ ဒသမ ၅၄၀ ခန့်) ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးပွဲနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါး အမျိုးအစားနှင့်စိတ်ပြောင်းဆေးဝါးအမျိုးအစား ၂၂ မျိုးကို ချမ်းမြသာစည်မြို့နယ်၊ လေယာဉ်ကွင်းဟောင်းတွင် မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ထိန်းချုပ်ဓာတုပစ္စည်းနှင့်ဆက်စပ်ဓာတုပစ္စည်း ၁၉ မျိုးကို တစ်ချိန်တည်းတွင် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန် အေးရိပ်ငြိမ်အမှိုက်ကျင်းမှာ မြေမြှုပ်ဖျက်ဆီးခဲ့သည်။

ယခင်နှစ်က ဖမ်းဆီးခဲ့သော အရေအတွက်များမှာ မူးယစ်ဆေးဝါးအမျိုးအစား ရှစ်မျိုး၊ စိတ်ပြောင်းဆေးဝါး ၁၁ မျိုး၊ ထိန်းချုပ်ဓာတုပစ္စည်း ခြောက်မျိုး၊ အခြားဆက်စပ်ဓာတုပစ္စည်း ကိုးမျိုး၊ စုစုပေါင်း ၃၄ မျိုး၊ အမှုအရေအတွက် ၁၇၅ဝ မှု၊ တန်ဖိုးအားဖြင့် ကျပ် ၁၄၄ ဒသမ ၉၉၈၁၂ ဘီလျံ (အမေရိကန်ဒေါ်လာသန်းပေါင်း ၆၉ ဒသမ ဝ၄၆၇ ခန့်) ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယခင်နှစ်ထက် မူးယစ်ဆေးဝါးအမျိုးအစား ငါးမျိုး၊ ထိန်းချုပ်ဓာတုပစ္စည်း လေးမျိုး၊ အခြား ဆက်စပ်ဓာတုပစ္စည်း (၁)မျိုး၊ တန်ဖိုးအားဖြင့်မြန်မာငွေ ကျပ်သန်းပေါင်း (၂၇၃.၀၅၁၂၈) ဘီလီယံ၊ အမေရိကန်ဒေါ်လာသန်းပေါင်း (၅၆.၄၉၃၃)သန်းခန့် ပို၍ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယခုနှစ် မန္တလေးမြို့တွင် နေပြည်တော်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရထားရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်း ၇၆၃.၈၂ ကီလိုကျော်၊ ဘိန်းဖြူ ၁ဝ၈၅.၈၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၅ သန်းကျော်၊ အိုက်စ် ၉ဝ၄၇.၄၆ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး (၂၂) မျိုးနှင့် ဓါတုပစ္စည်း (၁၉) မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၁၈.ဝ၄၆ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ သန်း ၁၂၅.၅၃၉ ဖြစ်သည်။

မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ဆုရ ကျောင်းသား ကျောင်းသူများနှင့် အလွတ်တန်းပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် အိန္ဒိယသမ္မတနိုင်ငံတို့ မှ မန္တလေးမြို့ အခြေစိုက်ကောင်စစ်ဝန်ချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ဒုတိယရဲချုပ်(၂)နှင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ရဲမှူးချုပ်နှင့်အဖွဲ့များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ နှင့်ခရိုင်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ INGO, NGO အဖွဲ့အစည်းများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent