
Published 11 June 2024

မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းထုတ်ယူသူများထံမှ ကျပ်သိန်း ၂၃၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ဇွန် ၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မော်လမြိုင်လမ်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ မလှလှဌေး(ခ)မဌေး၊ မဝင်းပပထွန်း(ခ)အိသူ နှင့် မချိုချို(ခ)မချို တို့အား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ၎င်းတို့ထုတ်ယူသည့် လက်ဆွဲခြင်းအတွင်းမှ ကျပ်သိန်း ၂၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထပ်မံ ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ကောင်းထက်(ခ)အစီပိတ်အား မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်၊ ဝေဘာဂီလမ်းတွင် လက်ကိုင်ဖုန်း တစ်လုံးနှင့်လည်းကောင်း၊ အောင်ဆန်းမြင့်(ခ)ကိုဇော်အား သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ပိတောက်လမ်းရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်း တစ်လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် ၉ နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှသည် သတင်းအရ သက်သေများနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မော်လမြိုင်လမ်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ ရှိုင်းထက်ဇော် အား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူသည့် ခြင်းတောင်းများအတွင်းမှ ကျပ်သိန်း ၂၁၀၀ ခန့်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀၀၀ ပြား နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထပ်မံ ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မဥမ္မာသိန်း အား အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်မြို့မစျေးရှေ့တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများဖြစ်သည့် မလှလှဌေး(ခ)မဌေး(၅၄)နှစ်၊ မဝင်းပပထွန်း(ခ)အိသူ(၃၅)နှစ်၊ မချိုချို(ခ)မချို(၆၁)နှစ်၊ ကောင်းထက်(ခ)အစီပိတ်(၂၆)နှစ်၊ အောင်ဆန်းမြင့်(ခ)ကိုဇော်(၃၉)နှစ်၊ ရှိုင်းထက်ဇော်(၃၀)နှစ် နှင့် မဥမ္မာသိန်း(၄၆)နှစ်တို့အား မင်္ဂလာဒုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent